ပေါင်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စားသုံးသူရေးရာကာကွယ်ရေး အသိပညာပေး Talk Show ကျင်းပ

ပေါင် ဇွန် ၅

မွန်ပြည်နယ်၊ ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲ ကျင်းပခဲ့သည်။

ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက ပြည်သူများအနေဖြင့် အစားအသောက်များကို စနစ်တကျ စားသောက် တတ်စေရန်နှင့် အစားအသောက်တွင်ပါဝင်သည့် အန္တရာယ်ရှိသည့် ဘေးထွက်ဆိုးကျိုးများကို ကာကွယ်နိုင်စေရန် လိုက်နာရမည့်နည်းလမ်းများကို ပြည်သူများသိရှိစေရန်ရည်ရွယ်ပြီး Talk Show ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးနေဇင်သက်က ပြဌာန်းထားသည့် စာသုံးသူကာကွယ်ရေးဥပဒေများကိုလည်းကောင်း၊ ရည်ရွယ်ချက်များနှင့် လုပ်ငန်းတာဝန်များကို လည်းကောင်း၊ စားသုံးသူအခွင့်အရေးများ၊ စားသုံးသူ၏တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ ကုန်စည်နှင့်စပ်လျဥ်းသည့် အာမခံချက်များ၊ စီးပွားရေး လုပ်ငန်းရှင်များ ဝန်ဆောင်မှု လုပ်ငန်းနှင့် အာမခံချက်များတွင် ပါဝင်ရမည့်အချက်များကိုလည်းကောင်း၊ ကုန်စည်ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စာသုံးသူဘက်မှတောင်းဆိုနိုင်သည့် အခွင့်အရေးများ စသည့်လိုက်နာရမည့်အချက်များကို  အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ပေါင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာ တိုးပွားစေရေးအတွက် ယခုကဲ့သို့ အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်များ ရိုက်ကူးထုတ်လွှင့်ခြင်းအပါအဝင် အသိပညာပေးဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပြီး Talk Show အစီအစဉ်များကို ပြည်သူများအကျိုးရှိစေမည့် သတ်မှတ် ခေါင်းစဉ်အလိုက် ရိုက်ကူးထုတ်လွှင့်ခြင်းအား လူထုအခြေပြုဗဟိုဌာနခန်းမ၌ လစဉ်ပုံမှန် ပြုလုပ်လျက်ရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)