စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ်၌ ၂၀၁၈-၂၀၁၉ခုနှစ်၊ မိုးလိုမိုးခေါင်ခြင်းကြောင့် ပျက်စီးခဲ့သော စပါးသီးနှံများအတွက် ထောက်ပံ့ငွေများပေးအပ်

ကောလင်း အောက်တိုဘာ ၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၌ ၂၀၁၈-၂၀၁၉ ခုနှစ်၊ မိုးလို၊ မိုးခေါင် ခြင်းကြောင့် ပျက်စီးခဲ့သော စပါးသီးနှံများအတွက် တောင်သူများအား ထောက်ပံ့ငွေ ပေးအပ်ပွဲကို ယမန်နေ့ မွန်းလွှဲ (၂) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဇာတိမာန်ခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့သည်။

အဆိုပါပေးအပ်ပွဲတွင် ကောလင်းခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးသိန်းဇော်က အဖွင့် အမှာ စကားပြောကြားပြီး၊ကောလင်းခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးဝင်းသိန်းက  တောင်သူ များအား ထောက်ပံ့ကြေးပေးအပ်မှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ထိုနောက် ထောက်ပံ့ငွေများကို တာဝန်ရှိသူများက ပေးအပ်ခဲ့ပြီး သက်ဆိုင်ရာ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများက လက်ခံရယူခဲ့ကြသည်။

ထောက်ပံ့ငွေပေးအပ်ရာတွင်  ကောလင်းမြို့နယ်၌ ၂၀၁၈-၂၀၁၉ မိုးလိုမိုးခေါင်ခြင်းကြောင့် ပျက်စီးခဲ့သော စပါးသီးနှံများအတွက် ကျေးရွာအုပ်စုပေါင်း (၁၅)အုပ်စုမှ တောင်သူ (၁၀၁၅) ဦး၏ ပျက်စီးဧက (၂၉၇၃)တို့အတွက် တစ်ဧကလျှင် ငွေကျပ် တစ်သောင်းနှုန်းဖြင့် စုစုပေါင်း ငွေကျပ် (၂၉၇၃၀၀၀၀) ကို ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း မြို့နယ် စိုက်ပျိုးရေး ဦးစီးမှူး ဦးလှမြင့်ထံမှ သိရသည်။

မြင့်ထွန်းမင်း (ပြန်/ဆက်)