ညောင်လေးပင် အောက်တိုဘာ ၈
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် ပြည်သူ့ဆေးရုံတွင် အောက်တိုဘာ ၇ရက်နေ့ နံနက်ပိုင်းအထိ ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ ၆ဦးအား ဆေးကုသမှုပေးထားပြီး အားလုံးကျန်းမာရေးကောင်း မွန်ကြောင်း သိရသည်။
အဆိုပါအတည်ပြုလူနာများတွင် အောက်တိုဘာ ၆ ရက်နေ့ညထုတ်ပြန်ချက်အရ အသစ်တိုးသုံးဦးမှာ ရေတွင်းကုန်းကျေးရွာ နေသူ အသက်၂၀အရွယ် အမျိုးသားတစ်ဦး၊ ပြွန်တန်ဆာမြို့ မြို့မ(၁)သခွတ်ကုန်းပိုင်း နေသူ အသက် ၅၈နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့်ပြွန်တန်ဆာမြို့ မြို့မ(၂) ဥတိုပိုင်းနေသူ အသက် ၁၇ နှစ်အရွယ် အမျိုးသမီးတစ်ဦး တို့ဖြစ်ကြပြီး သက်ဆိုင်ရာ Facility Quarantine Centre များမှ သတ်မှတ်ရက်ပြည့်၍ ၎င်း၏နေအိမ်သို့ ပြန်လည်ရောက်ရှိနေထိုင်ခဲ့ရာမှ အတည်ပြုစာရင်းတွင်ပါဝင်ခဲ့သည်။
ဆက်လက်ပြီး အောက်တိုဘာ ၇ရက်နေ့ နံနက် ပိုင်းနှစ်ဦးမှာ ပုဇွန်မြောင်းကျေးရွာ နေသူ(၄၃)နှစ်အရွယ် အမျိုးသားတစ်ဦး နှင့် ရေဆုံးကျေးရွာနေသူ အသက် ၂၁နှစ်အရွယ် အမျိုးသားတစ်ဦးတို့ဖြစ်ပြီး သက်ဆိုင် Facility Quarantine Centreတွင် အသွားအလာကန့်သတ်ထားသူများဖြစ်ကြသည်။
ညောင်လေးပင်မြို့နယ် ပြည်သူ့ဆေးရုံတွင်တက်ရောက်ကုသနေသော ယခင်အတည်ပြုလူနာတစ်ဦးရှိပြီး ယခု ငါးဦးနှင့် စုစုပေါင်း ခြောက်ဦးအား မြို့နယ်ပြည်သူ့ဆေးရုံတွင် ကျန်းမာရေးစောင့်ရှောက်ကုသမှုပေးထားပြီး အားလုံးကျန်းမာရေးကောင်းမွန်ကြောင်း၊ အသွားအလာကန့်သတ်စခန်းမှ ထွက်၍ နေအိမ်တွင်အသွား အလာကန့်သတ် နေထိုင်ပြီး ရောဂါပို့တွေ့ရှိသူ သုံးဦးနှင့် ထိစပ်ခဲ့သူမိသားစုဝင်များအား မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ နေအိမ်တွင် Home Quarantine စနစ်တကျ ထားရှိကာ နှာရည်/သလိပ်များအား တို့ပတ်ဖြင့်နမူနာရယူ၍ ဓါတ်ခွဲ စမ်းသပ်စစ်ဆေးရယူရန် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
သက်လွင် (ညောင်လေးပင်)