မြို့သစ် အောက်တိုဘာ ၈
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊မြို့သစ်မြို့တွင် ၂၀၂၀-ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများ ဒုတိယ(နောက်ဆုံး) အကြိမ် ကပ်ထား၍ကြေညာခြင်းကို အောက်တိုဘာလ ၁ ရက်နေ့ မှစ၍ မြို့သစ်မြို့၊ရပ်ကွက်နှင့်ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထား ကြေညာ လျက်ရှိကြောင်း သိရသည်။
အဆိုပါ မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာထားမှုများအား တမူးခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ခရိုင်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာသူရ ခေါင်းဆောင် သော ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဝင်များမှ အောက်တိုဘာလ ၈ ရက်နေ့က တမူး မြို့နယ် အမှတ်(၁) lတိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်တွင် ပါဝင်သော မြို့သစ် မြို့၊ ရပ်ကွက်နှင့်ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးများသို့ သွားရောက်၍ ကွင်းဆင်း စစ်ဆေး ခဲ့ပြီး ရပ်ကွက်နှင့်ကျေးရွာ ကော်မရှင် အဖွဲ့ဝင်များအား ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် နိုးဆော်ပေးရန်၊ မဲဆန္ဒရှင်များ လာရောက်ကြည့်ရှုမှုအပေါ် ကူညီဆောင်ရွက်ပေးရန်၊ ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ် နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြား ချက်များကို လိုက်နာဆောင်ရွက်ရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။
ထိုသို့ မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာထားမှုကို အောက်တိုဘာ(၁) ရက်နေ့ မှ(၁၄)ရက်နေ့အထိ ကပ်ထားကြေညာ ပေးသွားမည် ဖြစ်ပြီး တမူးခရိုင်တွင် နောက်ဆုံး အကြိမ် ကပ်ထား ကြေညာထားသည့် မဲဆန္ဒရှင်စာရင်းများအရ မဲပေးပိုင်ခွင့်ရှိသူ (၈၁၇၆၉) ဦး ရှိပြီး လျာထားမဲရုံ (၇၆) ရုံရှိကြောင်း ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ သိရှိရသည်။
ထွန်းမင်းအောင်(ကဘော်မြေ)