တောင်တွင်းကြီး ဇွန် ၇
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် ယနေ့နံနက်(၁၀)နာရီက ပန်းအလှထိုးနည်းသင်တန်း ဖွင့်လှစ် ပို့ချပေးခဲ့ကြောင်း သိရသည်။
အမျိုးသမီးများအနေဖြင့် မိမိနေအိမ်တွင် ဘုရားပန်းထိုးရာတွင်ဖြစ်စေ၊ အိမ်ဧည့်ခန်းတွင် အလှဆင်ရာတွင်ဖြစ်စေ လှလှပပဖြစ်စေရန်၊ အလှူပွဲများ၊ မင်္ဂလာဧည့်ခံပွဲများနှင့် အခြားအခမ်းအနားများတွင် ပန်းအလှဆင်တက်စေရန်အတွက် ပန်းအလှထိုးနည်းသင်တန်းကို တစ်နိုင်တစ်ပိုင် အိမ်တွင်းမှုသင်တန်းတစ်ခုအနေဖြင့် ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း မြို့နယ် ပြန်/ဆက်ဦးစီးမှူး ဒေါ်အေးမိုးမိုးမြင့်ထံမှ သိရသည်။
အဆိုပါသင်တန်းတွင် အမျိုးသမီးအသင်း(Women Club)အဖွဲ့ဝင် ဒေါ်သန်းသန်းရှင်က ပန်းများ၏အရောင် အနုအရင့်၊ အတို အရှည်၊ အပွင့်ကြီး၊ အပွင့်သေးတို့ကိုလိုက်၍ တင့်တင့် တယ်တယ်ဖြင့် မျက်စိပသာဒဖြစ်စေရန် ပန်းအလှထိုးနည်းကို သင်ကြားပြသပေးခဲ့ပြီး သင်တန်းသို့ အမျိုးသမီးအသင်း (Women Club)အဖွဲ့ဝင်များနှင့် အခြားစိတ်ဝင်စားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)