ငဖဲ ဇွန် ၉
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး (Community Centre) ခန်းမ၌ အခမ်းအနားမှူးဆိုင်ရာ အသိပညာပေး သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ရာ ငဖဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်း သင်တန်းသား/သင်တန်းသူ (၂၀)ဦး တက်ရောက်ခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် ငဖဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးက အခမ်းအနားမှူးဆိုင်ရာ အသိပညာပေး သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ယုယုသိန်းက မြို့နယ်အတွင်းရှိ လူမှုရေးအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာအသီးသီးတွင် မိမိတို့ဌာနနှင့်ပတ်သက်ပြီး အစည်းအဝေးပွဲများ၊ ဆွေးနွေးပွဲများ၊ ဟောပြောပွဲများ၊ သင်တန်းဖွင့်ပွဲများ၊ နေ့ကြီးရက်ကြီး အထိမ်းအမှတ်ပွဲများနှင့် မြို့နယ်အဆင့်တွေ့ဆုံပွဲများ၊ နေ့ထူးနေ့မြတ် အခမ်းအနားပွဲများကို အခါအားလျော်စွာ ကျင်းပဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါ အခမ်းအနားများ ကျင်းပဆောင်ရွက်ရာတွင် အခမ်းအနားမှူးတစ်ဦးအနေဖြင့် သိသင့်သိထိုက်သည့် အချက်အလက်များ၊ ပြောဆိုနေထိုင်မှု၊ အသံနေအသံထား၊ ဝတ်စားဆင်ယင်မှု၊ ဆောင်ရွက်ရမည့် လုပ်ငန်းများကို သိရှိစေရန်၊ အမှားအယွင်းနည်းစွာဖြင့် ဆောင်ရွက်တတ်စေရန်နှင့် မျိုးဆက်သစ် အခမ်းအနားမှူးများ ပေါ်ထွက်လာ စေရန်ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
အဆိုပါ သင်တန်းသို့ ဌာနဆိုင်ရာအသီးသီးမှ သင်တန်းသူ (၂၀)ဦး တက်ရောက်ခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ယုယုသိန်းက အခမ်းအနားမှူးဆိုင်ရာ အကြောင်းအရာများကို ဇွန်လ ၉ ရက်နေ့ နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ စာတွေ့လက်တွေ့ သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မယု(ငဖဲ)