တိုက်ကြီးမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဉီးစီးဌာန၏လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း သိကောင်းစရာ Talk Show ကျင်းပ

တိုက်ကြီး ဇွန်

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် သွင်းကုန် အစားထိုးရန်နှင့် ပို့ကုန်မြှင့်တင်နိုင်ရေး ဒေသထွက်ကုန်ကြမ်းများကို အခြေခံသည့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်း (MSME)များ ပေါ်ထွန်းလာစေရေး၊ ရေရှည်တည်တံ့ဖွံ့ဖြိုးရေးအတွက် အဓိကအခန်းကဏ္ဍ၌ ပါဝင်သော အသေးစားစက်မှု လက်မှု လုပ်ငန်းဉီးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း သိကောင်းစရာ Talk Show ကို ယမန်နေ့ မွန်းလွဲ  ၁ နာရီက ကျင်းပသည်။

အဆိုပါ Talk Show တွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဉီးစီးဌာန ရန်ကုန်မြောက်ပိုင်းခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဉီးရဲဇော်ထွန်းက အသေးစားစက်မှုလက်မှုလုပ်ငန်းဉီးစီးဌာနအနေဖြင့် ၁၉၉၁ ခုနှစ်မှစ၍ အသေးစားစက်မှုလက်မှုလုပ်ငန်းမြှင့်တင်ရေး ဉပဒေရေးဆွဲပြီး ပြည်သူများ တစ်ပိုင်တစ်နိုင် လုပ်ငန်းထူထောင်နိုင်ရန်နှင့် ဘေးဉပါဒ်အန္တရာယ်ကင်းရှင်းပြီး စံချိန်စံညွှန်းမီသည့် ထုတ်ကုန်များကို ထုတ်လုပ်နိုင်ရန် နည်းပညာများ ပံ့ပိုးပေးခြင်း၊ လိုအပ်သော ရင်းနှီးပစ္စည်းများထောက်ပံ့ပေးခြင်း၊ လုပ်ငန်းမှတ်ပုံတင်ဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် ပတ်သက်၍ သိကောင်းစရာ အချက်အလက်များကို  အသိပညာပေး ဆွေးနွေးသည်။

အဆိုပါ Talk Show ကို ပြည်သူများ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်း (MSME) နှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးအတွက် တိုက်ကြီးမြို့နယ် ပြည်သူ့ စာကြည့်တိုက် လူမှုကွန်ရက်စာမျက်နှာတွင် ထုတ်လွှင့်တင်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။

စန်းကလျာခိုင်