ရန်ကင်းမြို့နယ်၌ ပါးစပ် နှာခေါင်းစည်း(Mask) တပ်ဆင်သွားလာခြင်းမရှိသူများအား ဒဏ်ပေး စနစ်ဆောင်ရွက်

ရန်ကင်း   အောက်တိုဘာ ၈

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်အတွင်း ၌ MASK တပ်ဆင်သွားလာခြင်း မရှိသော ပြည်သူများအား အသိပညာပေး ခြင်းနှင့် ဒဏ်ပေးစနစ်ဆောင်ရွက်ခြင်းကို ယနေ့ နံနက်(၈)နာရီက  မြို့နယ်အတွင်း ရပ်ကွက်များအတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်အတွင်း လှုပ်ရှားသွားလာ သူများအား Mask တပ်ဆင်သွားလာရေး အတွက် နေ့စဉ်အသိပညာပေးဆောင်ရွက်လျက် ရှိရာ  ယနေ့ နံနက်ပိုင်းက Mask တပ်ဆင်သွားလာခြင်းမရှိသူများ အား ဒဏ်ပေးသည့်အနေဖြင့်Mask (၁)ခုကို (၂၀၀/-)ကျပ် နှုန်းဖြင့် ဝယ်ယူစေပြီး ချက်ချင်းဝယ်ချက်ချင်းတပ်စနစ်ဖြင့် ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ရန်ကင်းမြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ ဌာနဆိုင်ရာ များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ခင်လေး(ပြန်/ဆက်)