ကြာအင်းဆိပ်ကြီး ဇန်နဝါရီ ၃
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ပညာသင်ကြားခဲ့သော ကျောင်းသား/ကျောင်းသူဟောင်းများက တာဝန်ယူဦးဆောင်ကြီးကြပ်မှုဖြင့် အဆိုပါကျောင်း၌ ပညာသင်ကြား ပေးခဲ့သော ဆရာကြီး ဆရာမကြီးများ၏ ဂုဏ်ကျေးဇူးတရားများကို သိတတ်ရိုသေသောအားဖြင့် ဂါရဝပြုပူဇော်ကန်တော့လိုခြင်း၊ ရပ်ဝေးရပ်နီးမှ ကျောင်းသားကျောင်းသူများ အချင်းချင်း ပြန်လည်တွေ့ဆုံပြီး ကျောင်းတော်ကြီးအား ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လိုအပ်သည်များကို ဖြည့်ဆည်းပေးနိုင်စေရေး ရည်ရွယ်ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ပဉ္စမအကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲကို ဇန်နဝါရီလ ၅ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် အမှတ်(၁) ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း ပညာတန်ဆောင်ခန်းမတွင် ဆရာကြီး ဆရာမကြီးများအား ဂါရဝပြုပူဇော်ကန်တော့သွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးမင်းဦး