လိပ်သို အောက်တိုဘာ ၉
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ရပ်ကွက် ကျေးရွာအုပ်စု စာရေး၀န်ထမ်းများအား နိုင်ငံတော်မှတစ်ဦးလျှင် ငွေကျပ်တစ်သိန်း ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထောက်ပံ့ငွေများ ပေးအပ်ရာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးစောမြတ်ကျော်က နိုင်ငံတော်အစိုးရမှ ၀န်ထမ်းများအပေါ် အလေးထား ဆောင်ရွက်ပေးသကဲ့သို့ ၀န်ထမ်းများမှလည်း ပေးအပ်သော လုပ်ငန်းတာ၀န်များကို ကျေပွန်စွာ ထမ်းဆောင်ကြရန် လိုအပ်ပါကြောင်း၊ စာရေး၀န်ထမ်းများ အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းပါ၀င် ဆောင်ရွက်ရခြင်း၊ အခြေခံ လူတန်းစားများအား ထောက်ပံ့ ပစ္စည်းများနှင့် ငွေများပေးအပ်ရန် စာရင်းဇယားပြုစုရခြင်းနှင့် ရပ်ကွက်ကျေးရွာများအရောက် သွားရောက်ထောက်ပံ့ ပေးအပ်ရခြင်း၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် လူဦးရေ စာရင်း ကောက်ယူခြင်း၊ မဲစာရင်းများ ပြုစုရခြင်း၊ လုပ်ငန်းတာ၀န်များကို ထမ်းဆောင်ရသောကြောင့် ယခုလို ထောက်ပံ့ ပေးအပ်ခြင်းဖြစ်ကြောင်း ပြောကြားပြီး နိုင်ငံတော်အစိုးရမှ ထောက်ပံ့ငွေများကို ရပ်ကွက်/ ကျေးရွာအုပ်စု စာရေး၀န်ထမ်းတစ်ဦးလျှင် ငွေကျပ်တစ်သိန်းစီကို ထောက်ပံ့ပေးအပ်ခဲ့သည်။
လိပ်သိုမြို့အနေဖြင့် မြို့ပေါ်/ရပ်ကွက် (၆) ရပ်ကွက် ကျေးရွာအုပ်စု (၃၁) အုပ်စုရှိပြီး အဆိုပါ ရပ်ကွက်/ကျေးရွာ အုပ်စုများမှ စာရေး၀န်ထမ်း (၃၇) ဦးကို ထောက်ပံ့ပေးအပ်ခြင်း ဖြစ်ကြောင်း သိရသည်။
နွယ်နွယ်ခိုင် (ပြန်/ဆက်)