ရွှေဘို ဖေဖော်ဝါရီ ၂၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များအလိုက် စီးပွားရေးလုပ်ငန်းရှင်းများ စားသုံးသူကာကွယ်ရေး ဥပဒေပါ ပြဋ္ဌာန်းချက်များကို သိရှိစေရန် အသိပညာပေးဆောင်ရွက်မှုများကို ယခု ရက်သတ္တပတ်အတွင်း ဆောင်ရွက်လျက်ရှိကြောင်း ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။
အဆိုပါ အသိပညာပေးဆောင်ရွက်မှုများတွင် ၂၀၁၉ ခုနှစ် မတ်လ ၁၅ ရက်နေ့ ပြဋ္ဌာန်းထားသော စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များဖြစ်သည့် စီးပွားရေးလုပ်ငန်းရှင်များသည် ကုန်စည်အမျိုးအစားအလိုက် အခန်း ၁၈ ပုဒ်မ (၄၁) အရ ကုန်စည်၏တံဆိပ်အမှတ်အသား၊ ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့် ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်နှင့် ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုးသို့မဟုတ် ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက် စသည်တို့ပါဝင်သည့် အချက် (၈) ချက်ကို သိသာထင်ရှားစွာဖော်ပြရမည်ဖြစ်ကြောင်း အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့ပြင် စီးပွားရေး လုပ်ငန်းရှင်များသည် ပုဒ်မ (၄၁)နှင့် ပုဒ်မ (၄၃) ပါပြဋ္ဌာန်းချက်များနှင့် ကိုက်ညီမှုမရှိသော ကုန်စည်များထုတ်လုပ်ခြင်း၊ ကုန်သွယ်ခြင်း၊ ရောင်းချခြင်းပြုလုပ်ပါက နှစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်းနှစ်ရာထက်မပိုသော ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရမည်ဖြစ်ကြောင်း ခရိုင်စားသုံးသူ ရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးကျော်ငွေ ထံမှသိရသည်။
ဆက်လက်၍ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါပြဋ္ဌာန်းချက်များအား လိုက်နာဆောင်ရွက်ကြရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက မတ်လ (၁၅) ရက်နောက်ပိုင်းတွင် ဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းမှ ဆက်လက်ပြောကြားသည်။
ထွန်းမြင့်အောင်(ရွှေဘို)