လှိုင်းဘွဲမြို့နယ် အမှတ်(၃) မူလတန်း(လွန်)ကျောင်းတွင် ဆုချီးမြှင့်ခြင်းနှင့် ပညာရေး စုံညီပွဲတော် အခမ်းအနား ကျင်းပ

လှိုင်းဘွဲ   ဇန်နဝါရီ     ၃

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် အမှတ်(၃) အခြေခံပညာမူလတန်း (လွန်)ကျောင်းနှင့် ကျောင်းသား မိဘများ ပူးပေါင်းကျင်းပသော ၂၀၁၉-၂၀၂၀ပညာသင်နှစ် ဆုချီးမြှင့်ခြင်းနှင့် ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က အမှတ်(၃)အခြေခံပညာမူလတန်း(လွန်)ကျောင်း၌ ကျင်းပ ပြုလုပ်ခဲ့သည်။

အခမ်းအနားကို ကျောင်းသားကျောင်းသူများက ပညာ့ပန်းခင်းသီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးခင်ချိုနှင့် လက်ထောက်မြို့နယ်ပညာရေးမှူး ဦးရင်အေးတို့က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် အမှတ်(၃)အခြေခံပညာ မူလတန်း(လွန်)ကျောင်း ကျောင်းအုပ်ဆရာမကြီးက ပညာရေးစုံညီပွဲတော်၊ ဆုချီးမြှင့်ပွဲ အခမ်းအနားများ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားခဲ့သည်။

ဆက်လက်ပြီး  ၂၀၁၉-၂၀၂၀ပညာသင်နှစ် ထူးချွန်သူများနှင့် အားကစားထူးချွန်ဆုရရှိသည့် ကျောင်းသားကျေင်းသူများကို တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကာ ဖျော်ဖြေရေး အစီအစဉ်များဖြင့် ဖျော်ဖြေတင်ဆက်ကပြခဲ့သည်။ အခမ်းအနားသို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်ချို၊ လက်ထောက်မြို့နယ်ပညာရေးမှူး ဦးရင်အေး၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ ဖိတ်ကြားထားသော ကျောင်းအုပ်ဆရာမကြီးများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများ၊ ဆုရကျောင်းသား ကျောင်းသူများနှင့် မိဘများတက်ရောက်ခဲ့ကြောင်း သိရသည်။

သိန်းသန်း (ပြန်/ဆက်)