ရွှေတောင် ဇွန် ၁၇
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ နံနက်ပိုင်းက စာအုပ်စာပေဝါသနာရှင်များ၊ စာပေချစ်မြတ်နိုးသူများအသင်း Book Club ဖြင့် မုဒိတာစာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် စာပေချစ်မြတ်နိုးသူများအသင်း (Book Club) နာယကဆရာကြီး ဦးအုန်းမောင် စာရေးဆရာ မောင်အေးငြိမ်း (သရက်)က အဖွင့်အမှာစကား ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်က လစဥ်မုဒိတာ စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် စာရေးဆရာ ညီညီနိုင် မြန်မာပြန်ရေးသားသော အောင်မြင်ရေးသော့ချက် A-Z 26 စာအုပ်ဖြင့် မုဒိတာ စာဖတ်ဝိုင်းကို ဆက်လက်ကျင်းပရာ အောင်မြင်ကျော်ကြားဖို့၊ ဩဇာအာဏာရှိဖို့၊ ကြွယ်ဝချမ်းသာဖို့နဲ့ ဘဝမှာ ပျော်ရွှင်ချမ်းမြေ့မှုရဖို့ အသုံးဝင်မယ့် ဣစ္ဆာသယ နည်းလမ်းကောင်းတွေပါဝင်သော" စာအုပ်ပါ သိမှတ်ဖွယ်ရာဗဟုသုတများ၊ ရသတို့ကို ဆရာကြီး ဦးစိန်လှ ထွန်းအေးကြိုင်နှင့် "အောင်မြင်မှုနေပူစာလှုံ"ခေါင်းစဉ်ပါ" တကယ်လို့ ကိုယ်ကသာ နေ့စဉ်နေ့တိုင်း သူ့ကိုပိုက်ထွေးဝန်းရံထားရင် "အောင်မြင်မှု"ဟာ သူ့အလိုအလျောက် ကိုယ့်ဆီကို ရောက်လာပါလိမ့်မယ်၊ ဒီလိုလုပ်ဖို့ အလွယ်ဆုံးနည်းလမ်းကတော့ အောင်မြင်နေတဲ့ လူတွေနဲ့ သွားပေါင်းတာပါပဲ"ဆိုသော အကြောင်းအရာကို ဆရာမကြီး ဒေါ်မြတ်နွယ် April Moon တို့က ဖတ်ကြားဆွေးနွေးခဲ့ရာ တက်ရောက်လာသည့် စာပေချစ်သူများက အပြန်အလှန် ဆွေးနွေးခဲ့ကြပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ငြိမ်းငြိမ်းသန့်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြင့် တက်ရောက်လာသူများအား စာပေကိုမြတ်နိုး တန်ဖိုးထားတတ်ပြီး စာဖတ်သည့်အလေ့အကျင့်ကောင်းများ မွေးမြူကြရန်နှင့် မျိုးဆက်သစ် စာရေးဆရာများ ပေါ်ပေါက်လာစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းများကို လစဉ်ပုံမှန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ကိုကိုမင်း (ပြန်/ဆက်)