မော်လမြိုင်ကျွန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာဖတ်ဝိုင်းပြုလုပ်

မော်လမြိုင်ကျွန်း ဇွန် ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင်ယမန်နေ့ နေ့လည်(၁)နာရီအချိန်က စာပေချစ်မြတ်နိုးသူ Book Club အဖွဲ့နှင့် ပူးပေါင်း၍ စာရေးဆရာ ညီညီနိုင်၏"အောင်မြင်ရေးသော့ချက်" စာအုပ်ဖြင့်စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါစာဖတ်ဝိုင်း ဆောင်ရွက်ရာတွင် မြို့နယ်ဦးစီးမှူး ဒေါ်နုနုအေးက စာဖတ်ဝိုင်းကျင်းပရခြင်းဖြင့် စာဖတ်သည့် အလေ့အကျင့်နှင့် စာပေမှရရှိသော အသိပညာ ဗဟုသုတများ တိုးပွားစေရန်၊ ဖတ်၊ မှတ်၊ လေ့လာထားသည့်များကို အပြန်အလှန် ပူးပေါင်းညှိနှိုင်း ဆွေးနွေးတက်စေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက်စာပေချစ်မြတ်နိုးသူ Book Club အဖွဲ့ဝင် ဦးကျော်သူရမှ စားရေးဆရာ ညီညီနိုင် ရေးသားသော"အောင်မြင်ရေးသော့ချက်"စာအုပ်မှ လူတစ်ဦး၏အောင်မြင်မှုအတွက် ထားရှိရမည့် စိတ်နေစိတ်ထားခံယူချက်၊ ဇွဲ၊ လုံ့လ၊ ဝိရိယ၊ ခွန်အားစိုက်ထုတ်ဆောင်ရွက်နိုင်မှုနှင့် အနာဂတ် အတွက် ကောင်းမွန်သော ရည်မှန်းချက်ထားရှိ ဆောင်ရွက်နိုင်ခြင်းများကို ဦးဆောင်ဆွေးနွေးရာ တက်ရောက်လာကြသော စာပေချစ်မြတ်နိုးသူ Book Club အဖွဲ့ဝင်များက မိမိတို့၏သဘောထားအမြင်များအား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မော်လမြိုင်ကျွန်းမြို့နယ်၊ ပြည်သူ့စာကြည့်တိုက်ရှိ (Community Centre) ခန်းမတွင် ပြည်သူများ အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်ပြီး Talk Show အစီအစဥ်များ၊ ဟောပြောပွဲများ၊ စာပေဆွေးနွေးပွဲများ၊ စာအုပ်စာစောင်ပြပွဲများ စဥ်ဆက်မပြတ် လစဥ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရဲကိုမောင်(ပြန်/ဆက်)