မြောက်ဥက္ကလာပ အောက်တိုဘာ ၉
ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုကြောင့် အလုပ်အကိုင် ရှားပါး၍ စားဝတ်နေရေး အဆင်မပြေသည့် အိမ်ထောင်စုများအတွက် အလှူရှင်များမှ အခြေခံစားသောက်ကုန် များကို ဌာနဆိုင်ရာများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ ပရဟိတအဖွဲ့များမှတစ်ဆင့် လှူဒါန်းပေးနိုင်ရန် ယမန်နေ့ ညနေပိုင်းက ရန်ကုန် တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်ရှိ We Love North Okkalapa ပရဟိတအဖွဲ့ သို့ ဆန်(၆)ပြည်ပါ ဆန်အိတ်(၁၅၀)အိတ်အား အလှူရှင် ဦးနေလင်းကျော်၊ ဒေါ်တင်စုလှိုင် မိသားစုမှ လှူဒါန်းခဲ့ရာ We Love North Okkalapa ပရဟိတအဖွဲ့မှ မထိုက်ထိုက်အောင်က ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လှူဒါန်းရရှိသည့် ဆန်အိတ်များအပြင် အလှူရှင်အသီးသီးမှ လှူဒါန်းသည့် အခြေခံစားသောက် ကုန်များကို "ပြည်သူများထံမှ ပြည်သူ့ထံသို့ မျှဝေရေး" အစီအစဉ်ဖြင့် မြို့နယ်အတွင်း အမှန်တကယ် စားဝတ်နေရေး အဆင်မပြေသည့် အိမ်ထောင်စုများရှိရာ နေရာများသို့ ယမန်နေ့ ညနေပိုင်းက အိမ်တိုင်ရာရောက် We Love North Okkalapa ပရဟိတအဖွဲ့က လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
We Love North Okkalapa ပရဟိတအဖွဲ့အနေဖြင့် အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် (၁၇,၀၀၀) တန်ဘိုးရှိ အခြေခံစားသောက်ကုန်များအား အိမ်ထောင်စု (၃၀၀)စုအတွက် လှူဒါန်းပေးသွားမည်ဖြစ်ပြီး အလှူရှင်များအနေဖြင့် ပူးပေါင်းပါဝင်လှူဒါန်းလိုပါက ဖုန်း-၀၉/၉၇၅၈၉၇၈၅၀ သို့ ဆက်သွယ်လှူဒါန်း နိုင်ကြောင်း သိရသည်။
မြမြဝင်း (ပြန်/ဆက်)