ရန်ကုန် အောက်တိုဘာ ၉
ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါကာလအတွင်း အာမခံ အလုပ်သမားများအား လူမှုဖူလုံရေး ထောက်ပံ့ငွေများ ပေးအပ်ပွဲ အခမ်းအနားကို မြို့နယ်လူမှုဖူလုံရေးရုံးခွဲအမှတ်(၂)၊ သင်္ဃန်းကျွန်းမြို့နယ် ရုံးတွင်အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဌာနမှထုတ်ပြန် ကြေညာခဲ့သော အမိန့်ကြေညာစာ အမှတ်(၁၉၆/၂၀၂၀) အရ လူမှုဖူလုံရေး အဖွဲ့တွင် အကျုံးဝင် မှတ်ပုံတင်ထားသည့် ပုဂ္ဂလိကပိုင် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများရှိ အာမခံအလုပ်သမားများအား လုပ်ခလစာ၏၄၀%ကို အာမခံအလုပ် သမားများနှင့် မိသားစုအတွက် ငွေကြေးထောက်ပံ့မှုခံစားခွင့် ထောက်ပံ့ ပေးအပ်ပွဲကို ယမန်နေ့ နံနက်ပိုင်း အချိန်က အဆိုပါရုံးခွဲတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအမိန့်ကြေညာစာအရ မြို့နယ်လူမှုဖူလုံရေးရုံးခွဲအမှတ်(၂)၊ သင်္ဃန်းကျွန်းမြို့နယ် ရုံးတွင် ပုဂ္ဂလိကပိုင် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများရှိ အာမခံ အလုပ်သမားများက လူမှုဖူလုံရေး ထောက်ပံ့ငွေ ၄၀% ရရှိနိုင်ရေးအတွက် မြို့နယ်လူမှုဖူလုံရေးရုံးသို့လည်းကောင်း၊ Online မှလည်းကောင်း လျှောက် ထားခဲ့ကြရာ လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်ဦးဆောင်သော အစည်းအဝေး ဆုံးဖြတ်ချက်အရ အလုပ်ဌာန (၇၉)ဌာန မှ အာမခံအလုပ်သမား (၂၅၅၃)ဦး အတွက် လူမှုဖူလုံရေး ထောက်ပံ့ငွေ ၄၀% ခွင့်ပြုငွေကျပ် (၂၆၈၂၂၇၃၆၆.၇၀) အား စိစစ်တွက်ချက် ခွင့်ပြုပေးခဲ့ရာ မြို့နယ်လူမှုဖူလုံရေးရုံးခွဲအမှတ်(၂)၊ သင်္ဃန်းကျွန်းမြို့နယ်ရုံးတွင် အလုပ်ဌာနများက ကိုယ်စားလှယ်များကို ခေါ်ယူ၍ မြို့နယ်လူမှုဖူလုံရေးရုံးခွဲအမှတ်(၂) တွင် ရန်ကုန်တိုင်းဒေသကြီး လူမှုဖူလုံရေးရုံး တာဝန်ခံအရာရှိ ဦးထွန်းကြိုင်က ချက်လက်မှတ်များဖြင့် ပေးအပ်ခဲ့သည်။
ယနေအထိ မြို့နယ်လူမှုဖူလုံရေးရုံးခွဲအမှတ်(၂) သင်္ဃန်းကျွန်းရုံးတွင် အကျုံးဝင် မှတ်ပုံတင် ထားသည့် အလုပ်ဌာနများမှ လျှောက်ထားခဲ့ကြသော အလုပ်ဌာန (၂၃၉)ဌာန ရှိခဲ့ပြီး လူမှုဖူလုံ ရေးရုံးချုပ်မှ ကျန်ရှိသော အလုပ်ဌာနများအား အချိန်နှင့်တစ်ပြေးညီ စိစစ် ခွင့်ပြု ထုတ်ပေး လျက်ရှိကြောင်း လူမှုဖူလုံရေးရုံးခွဲအမှတ်(၂) သင်္ဃန်းကျွန်းမြို့နယ်ရုံး တာဝန်ခံ ဒေါ်သီတာက ပြောကြားခဲ့သည်။
ရဲမင်းထွန်း(ပြန်/ဆက်)