စစ်ကိုင်း အောက်တိုဘာ ၉
စစ်ကိုင်းခရိုင်/ မြို့နယ် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီအဖွဲ့များနှင့် ပါတီ အသီးသီးမှ တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများ တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ယမန်နေ့၊ နေ့လည်ပိုင်းက ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးတွင် ကျင်းပပြု လုပ် ဆောင်ရွက် ခဲ့ကြ ကြောင်း သိရသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ စစ်ကိုင်းခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌ ဦးရဲထွဋ်က ပါတီအသီး သီးမှ တာဝန်ရှိသူများအနေဖြင့် မဲဆွယ်စည်းရုံးရေးကာလအတွင်း မဲဆွယ်စည်းရုံးကြတဲ့အခါ ပါတီတစ်ခုနဲ့ တစ်ခု လမ်းကြောင်းပေါ် တွေ့ဆုံနေမိလျှင် ပြဿနာများ မဖြစ်ပွားရအောင် တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် ဆောင်ရွက်ကြစေလိုကြောင်း၊ ရွေးကောက်ပွဲကာလအတွင်း သမိုင်း မရိုင်းတဲ့ စစ်ကိုင်းဖြစ်အောင် သည်းခံ ခွင့်လွှတ်နားလည် ပေးကြဖို့ လိုကြောင်း စသည်ဖြင့် ဆွေးနွေးပေးခဲ့သည်။
ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးထွန်းရွှေကလည်း ဒုတိယအကြိမ် မဲဆန္ဒရှင်များ၏ မဲစာရင်း ကြေညာကပ်ထားမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးပြီး တက်ရောက် လာကြသည့် ပါတီများမှ တာဝန်ရှိသူများက မဲဆွယ်စည်းရုံးရာတွင် တွေ့ရှိခဲ့ရသည့် အခက်အခဲများကို ဆွေးနွေး တင်ပြကြရာ တင်ပြချက်များအပေါ် ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပြန်လည်းရှင်းလင်း ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးကာ ကြိုတင်ဆန္ဒမဲပုံးများ ပြန်လည်ပိတ်သိမ်းနည်း အဆင့်ဆင့်ကို လက်တွေ့ပြသ ပေးခဲ့ကြ ကြောင်းသိရသည်။
ဇော်မြင့်နိုင်(ခရိုင် ပြန်/ဆက်)