စစ်ကိုင်းမြို့တွင် ကာကွယ်ဆေးထိုး/ ဆေးတိုက် လုပ်ငန်းစဉ်များအသိပညာပေးဆွေးနွေး

 

စစ်ကိုင်း  ဇန်နဝါရီ ၃

စစ်ကိုင်းခရိုင်ကျန်းမာရေးဦးစီးဌာနမှကြီးမှူး၍ ကာကွယ်ဆေးထိုး ဆေးတိုက်လုပ်ငန်းများ လူအုပ်စုတိုင်း  ကလေးတိုင်းသို့ ရောက်ရှိစေရန် အသိပညာပေး ဆွေးနွေးပွဲကို ယနေ့ နံနက် (၁၁) နာရီက အဆိုပါရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် စစ်ကိုင်းခရိုင်ကျန်းမာရေးဦးစီးဌာန ဒုတိယခရိုင်ကျန်းမာရေးမှူး ဒေါက်တာ ခိုင်ခင်ထားက အသိပေးဆွေးနွေးရခြင်းရည်ရွယ်ချက်များကို ပြောကြားပြီး အဖွဲ့ခေါင်းဆောင် ဒေါက်တာ မော်မော်သော်သော်ခိုင် က ကလေးတိုင်းသည် လိုအပ်သောကာကွယ်ဆေးများ အပြည့်အဝလက်လှမ်းမီ ရရှိရန် အခွင့်အရေးရှိပြီး ကာကွယ်ဆေးထိုး လုပ်ငန်းသည် ပြည်သူ့ကျန်းမာရေးစနစ်၏ အခြေခံအုတ်မြစ်ဖြစ်ကာ လူအုပ်စုအတွင်းတွင် ကာကွယ်ဆေးအပြည့်အဝ ထိုးပြီးသူများလေလေ အန္တရာယ်ကင်းလေ ဖြစ်၍ လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုးခြင်းဖြင့် ကျန်းမာနေသူများကို ဆက်လက် ကျန်းမာစေကာ ကလေးဖွံ့ဖြိုးကြီးထွားမှုအတွက် အဟန့်အတားများကို ဖယ်ရှားပေးကြောင်း၊ ကလေးငယ်များတွင်သာမက လူကြီးများတွင်ပါ ရောဂါဖြစ်ပွားခြင်း၊ နာ တာရှည်မသန်မစွမ်းဖြစ်ခြင်းတို့ကို သိသိသာသာ လျှော့ချပေးနိုင်မှာဖြစ်ကြောင်း စသည်ဖြင့် ရှင်းလင်း ဆွေးနွေးပေးခဲ့သည်။

အသိပညာပေးဆွေးနွေးပွဲသို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်သောင်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်စုမြတ်ထက်၊ ခရိုင်/ မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ နှင့် ပြည်သူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

ဇော်မြင့်နိုင်