အသက် ၂၅ နှစ်အောက် အမျိုးသမီးဘောလုံး ကစားသမားများကို ဗန်းမောက်မြို့၌ ကြိုဆိုဂုဏ်ပြု

ဗန်းမောက်   ဇန်နဝါရီ   ၃

ကသာခရိုင်  အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကျင်းပသော ခရိုင် အား/ကာကော်မတီ ဥက္ကဋ္ဌဖလား အသက် ၂၅ နှစ်အောက် အမျိုးသမီးလူငယ်ဘောလုံးပြိုင်ပွဲတွင် ဗန်းမောက်အသင်းက ပထမ နေရာရရှိ ခဲ့သောကြောင့် ယနေ့ နံနက် ၁၀ နာရီက ကြိုဆိုခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့နယ် ဂုဏ်ဆောင် အသက် ၂၅ နှစ်အောက် အမျိုးသမီး ဘောလုံး ကစားသမားများကို မြို့နယ် အမှတ် ( ၁ ) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းရွှေ၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းဇော်ဌေး၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ် ပညာရေးမှူး ဆရာကြီး ဦးသန်းဆွေ၊ ကျောင်းဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများက ကြိုဆို ဂုဏ်ပြုခဲ့ကြောင်း သိရသည်။

ကသာမြို့နယ်တွင်  အသက် ၂၅ နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲကို ဒီဇင်ဘာ ၂၄ ရက်က  လူငယ်ဘောလုံးအသင်း ၇ သင်းတို့ ယှဉ်ပြိုင်ခဲ့ရာ   ဗန်းမောက်နှင့် အင်းတော်အသင်း ဗိုလ်လုပွဲ တက်ရောက်ခဲ့ကြပြီး အင်းတော်အသင်းကို ဗန်းမောက်အသင်းက နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့၍ ဗန်းမောက် အမျိုးသမီးဘောလုံးအသင်းက ပထမရရှိကာ တံခွန်စိုက် ဒိုင်းဆု ဆွတ်ခူးခဲ့သောကြောင့် ဗန်းမောက်မြို့ မြို့တော်ခန်းမ၌ အောင်ပွဲရ အားကစားသမားများအား အမှတ် ( ၁ ) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်က ဂုဏ်ပြု အမှာစကား ပြောကြားပြီး မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးအေးမင်းက အမှာစကားပြောကြားရာတွင် မိမိဗန်းမောက်မြို့နယ်အတွက် နှစ်သစ်မှာ အောင်ပွဲနှင့်အတူ ယူဆောင်ပေးခဲ့သည့် အတွက် ဂုဏ်ယူ ဝမ်းသာ ကြောင်း၊ မြို့နယ်အနေနဲ့ အားကစား ဘက်ကို စိတ်ဝင်စားလာအောင် ရှေ့ဆက် ဆောင်ရွက်လျက်ရှိကြောင်း၊ မူးယစ်ဆေးဝါးဘက် ရောက်မသွားစေလိုကြောင်း အစရှိသည်များကို အားကစားသမားများအားမှာကြား ပြောကြားခဲ့သည်။

ဗန်းမောက်မြို့နယ် အမျိုးသမီးဘောလုံးအသင်းမှ ရှေ့တန်းအားကစားသမား အကောင်းဆုံးဆုကို မမေသင်္ကြန်ကလည်းကောင်း၊ ပွဲစဉ်တစ်လျှောက် အားကစားသမား အကောင်းဆုံးဆုကို မနန္ဒာမင်းကြူ ကလည်းကောင်း၊ ဂိုးသမား အကောင်းဆုံးဆုကို မခင်စန်းလှိုင်တို့က ရရှိခဲ့ကြောင်း ဗန်းမောက်မြို့နယ် အား/ကာမှူး ဦးမင်းထက်၏ ပြောပြချက်အရ သိရသည်။

ကျော်စွာ( ဗန်းမောက်)