ကျိုက်မရော မတ် ၁၉
မွန်ပြည်နယ် ကျိုက်မရောမြို့နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါ စောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းဆိုင်ရာများ နေရပ်ပြန်လာသူများ၏ အတူနေမိသားစုဝင်များ လိုက်နာရန် အချက်များ ရှင်းလင်းပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေဟင်္သာခန်းမတွင် ပြုလုပ်ခဲ့သည်။ အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်က အမှာစကားပြောကြားပြီး ကျိုက်မရောမြို့နယ် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာကျော်ဝင်းဇော်က ကမ္ဘာ့နိုင်ငံ အသီးသီးတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ခံနေရမှု အခြေအနေများ၊ မိမိမြို့နယ်ဒေသအတွင်း ကြိုတင်ကာကွယ်ရေး ဆောင်ရွက်နေမှုများ ရောဂါနှင့်ပတ်သက်သည့် သတင်းအတု၊ သတင်းအမှန်များကို ခွဲခြားသိရှိနိုင်စေရန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်နေသော သတင်းများကိုသာ လိုက်နာဆောင်ရွက်ရန်နှင့် ကျိုက်မရောမြို့နယ်အတွင်း အခြားနိုင်ငံများသို့ သွားရောက်လုပ်ကိုင်သူများသဖြင့် ဖြစ်ပွားသောဒေသမှ ပြန်လာ သူများအား ကျန်းမာရေး စောင့်ရှောက်မှုများ ပေးနိုင်ရေးအတွက် ကျိုက်မရော ပြည်သူ့ဆေးရုံတွင် ကြိုတင်ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် မိမိကျေးရွာတွင် ပြန်လာမည့်နေရပ်ပြန်သူများရှိပါက အချိန်မီ သတင်းပေးပို့ကြရန်၊ နေရပ်ပြန်သူများနှင့် အတူနေမိသားစုဝင်များ လိုက်နာရန်အချက်များကို အသိပေးရှင်းလင်း ဆွေးနွေးခဲ့သည်။
ထို့နောက် တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းရာ မြို့နယ်ဆရာဝန်ကြီးက ပြန်လည်ရှင်းလင်းဆွေးနွေးသည်။ ဆွေးနွေးပွဲသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ လူမှုရေး အဖွဲ့အစည်းများ၊ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး (ကျိုက်မရော)