မြောက်ဥက္ကလာပမြို့နယ်တွင် နိုင်ငံတော်အလံတင် အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲ ကျင်းပ

မြောက်ဥက္ကလာပ   ဇန်နဝါရီ   ၄

 (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်   နိုင်ငံတော်အလံတင် အခမ်းအနားကို ယနေ့နံနက် ၄ နာရီ ၂၀ မိနစ်က ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ် ကန်သာယာပန်းခြံ၌ ကျင်းပပြုလုပ်ခဲ့သည်။

ထို့နောက် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဂုဏ်ပြုရဲတပ်ဖွဲ့က ပြည်ထောင်စုသမ္မတ နိုင်ငံတော်အလံအား လွှင့်တင်ပြီး တတ်ရောက်လာကြသည့် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ အသင်းအဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ အားကစားသမားများ၊ NGO အဖွဲ့အစည်းများ၊ ဆရာ၊ ဆရာမများ၊ ပြည်သူများက နိုင်ငံတော်အလံအား အလေးပြုခဲ့ကြသည်။

ဆက်လက်၍ နံနက် ၇ နာရီအချိန်တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သမ္မတဦးဝင်းမြင့်ထံမှ ပေးပို့သော (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်  သဝဏ်လွှာကို မြို့နယ်အုပ်ချုပ်ရေးမှူး  ဦးတင့်ဇော်က ဖတ်ကြားခဲ့ ပြီးနောက် မီနီမာရသွန် မီတာ(၅၀၀)ပြေး ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ရရှိသည့်အမျိုးသား၊ အမျိုးသမီး ၆ ဦးနှင့် နှစ်သိမ့်ဆုရရှိသူ အမျိုးသား၊အမျိုးသမီး(၂၀) ဦးအား တာဝန်ရှိသူများက ဆုများ အသီးသီးချီးမြှင့်ခဲ့သည်။

အဆိုပါ အခမ်းအနားအား လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ် အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြို့မိ မြို့ဖများ၊ အသင်းအဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ အားကစားသမားများ၊ NGO အဖွဲ့အစည်းများ၊ ဆရာ၊ ဆရာမများ၊ ပြည်သူများ (၇၅၀) ခန့် တတ်ရောက်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပျော်ပွဲရွှင်ပွဲ အားကစားပွဲများအဖြစ် အာလူးကောက်ပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲ၊ ခေါင်းအုံးရိုက်ပြိုင်ပွဲ၊ ဘောလီဘောပြိုင်ပွဲ၊ ခြင်းလုံးပြိုင်ပွဲများ ကျင်းပခဲ့ပြီး ညနေ (၃)နာရီတွင် မြန်မာ့ရိုးရာခြင်းလုံးအလှခတ်ခြင်းနှင့် ဆုချီး မြှင့်ခြင်း အစီအစဉ်များဖြင့် ဆောင်ရွက်သွားမည်ဖြစ် ကြောင်းသိရသည်။

မြမြဝင်း(ပြန်/ဆက်)