စစ်ကိုင်းမြို့၌ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သဝဏ်လွှာ ဖတ်ကြားပွဲနှင့် စာစီစာကုံး၊ ပန်းချီ၊ ကာတွန်း၊ စံပြရပ်ကွက်၊ ကျေးရွာအုပ်စု ဆုရရှိသူများအား ဆုများချီးမြှင့်

စစ်ကိုင်း  ဇန်နဝါရီ  ၄

စစ်ကိုင်းမြို့၌ (၇၂)နှစ်မြောက် လွတ်လပ်ရေးအထိမ်းအမှတ် သဝဏ်လွှာဖတ်ကြားပွဲနှင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ကာတွန်း၊ စံပြရပ်ကွက်/ကျေးရွာအုပ်စု၊ သားကောင်းမိခင် ဆုရရှိသူများအား ဆုချီးမြှင့်ပေးအပ်ပွဲကို ယနေ့ နံနက်(၇)နာရီက ခရိုင်အားကစားနှင့် ကာယပညာ ဦးစီးဌာနရှိ ပြည်သူ့အားကစားကွင်း၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးဝင်းမြင့်ထံမှ ပေးပို့သည့် ၂၀၂၀ ပြည့်နှစ်၊ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့သဝဏ်လွှာအား စစ်ကိုင်းခရိုင် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးကျော်ဝင်းလှိုင်က ဖတ်ကြားပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်မှုအကောင်းဆုံး စံပြဆုရရှိသည့် မြောင်မြို့နယ် ရွှေဘုံသာကျေးရွာ၊ သန့်ရှင်းသပ်ရပ်မှု အကောင်းဆုံးစံပြဆုရရှိသည့် မြင်းမူမြို့နယ် ကန်ဖျားကျေးရွာ၊ ကျန်းမာရေးလိုက်နာမှု အကောင်းဆုံး စံပြဆု ရရှိသည့် စစ်ကိုင်း မြို့နယ် ဒီပဲယင်းကွဲကျေးရွာနှင့် စည်းလုံးညီညွတ်မှု အကောင်းဆုံးစံပြဆုရရှိသည့် မြောင်မြို့နယ် ကျားအိုကျေးရွာတို့အား ငွေသားဆုနှင့် ဆုဖလားများကို ပေးအပ်ချီးမြှင့်ခဲ့သည်၊ ဆက်လက်၍ အဆင့်မြင့်ပညာအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲများတွင် ဆုရရှိသူများကို လည်းကောင်း၊ အခြေခံပညာ အထက်တန်းနှင့် အလယ်တန်းအဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီဆုရရှိသူများကို လည်းကောင်း၊ သားကောင်းမိခင်ဆု၊ လွတ်လပ်ရေး မောင်မယ်ဆု၊  အသက်  မွေးစမှ (၆)လအထိ၊ အသက်(၆)လမှ (၁)နှစ်အထိ၊ အသက်(၁)နှစ်မှ(၂)နှစ်အထိ ကလေး ပြိုင်ပွဲများတွင် ဆုရရှိသူများကို လည်းကောင်း၊    ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်သိန်း၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးကျော်သောင်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်စုမြတ်ထက်၊  တက္ကသိုလ် နှင့်ကောလိပ်များမှ ပါမောက္ခချုပ်များ၊ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေး အဖွဲ့ ဥက္ကဋ္ဌတို့က  လည်းကောင်း ဆုများကိုချီးမြှင့်ပေးအပ်ခဲ့ကြကာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက တာဝန်ခံ၍ ထုတ်ဝေသည့် (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို (အခမဲ့)ဖြန့်ဝေ ပေးခဲ့ကြကြောင်း သိရသည်။

မျိုးဝင်း(ပြန်/ဆက်)