ရန်ကုန် ဇန်နဝါရီ ၄
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ် မီးသတ်ဦးစီးဌာနမှ ကျင်းပပြုလုပ်သော စာသင်ကျောင်းအခြေပြု သဘာဝဘေးအန္တရာယ် ကာကွယ်လျှော့ချရေး ပညာပေးအစီအစဉ်ကို ယမန်နေ့ နံနက်(၁၀)နာရီက ဆိပ်ကြီးခနောင်တိုမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၊ အောင်ဆန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ အစီအစဉ်တွင် ဆိပ်ကြီးခနောင်တိုမြို့နယ် အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းဆွေက အဖွင့်အမှာစကား ပြောကြားပြီး၊ ရန်ကုန်တောင်ပိုင်းခရိုင် မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက စာသင်ကျောင်းအခြေပြု သဘာဝဘေးအန္တရာယ် ကာကွယ်လျှော့ချရေး ပညာပေးအစီအစဉ် ပြုလုပ်ရခြင်းအကြောင်း ရှင်းလင်းပြောကြားပြီး ဆိပ်ကြီးခနောင်တိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်သိန်းနှင့် မြို့နယ်ပညာရေးမှူး ဒေါ်ခင်နှင်းဦးတို့က မြို့နယ်အတွင်းနှင့် ကျောင်းများအလိုက် မီးဘေးနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် အခြေခံပညာအထက်တန်းကျောင်း (အထက-ခနောင်တို) အတွက် မီးသတ်ဆေးဘူးများကို ပေးအပ်ရာ ဆိပ်ကြီးခနောင်တိုမြို့နယ် အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ပညာရေးမှူးတို့က လက်ခံရယူခဲ့ပြီး၊ တောင်ပိုင်းခရိုင် မီးသတ်ဦးစီးမှူး ဦးကျော်လွင်ဦး၊ ဆိပ်ကြီးခနောင်တိုမြို့နယ် မီးသတ်ဦးစီးမှူး ဦးကျော်ဝင်းသန်းနှင့် ခရိုင်အတွင်းရှိ မြို့နယ် မီးသတ်ဦးစီးမှူးများ၊ သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များက ကျောင်းသား၊ ကျောင်းသူများအား သဘာဝ ဘေးအန္တရာယ် ကာကွယ်လျှော့ချရေး ပညာပေး ဂိမ်းကစားနည်း ၁၀ မျိုးကို သရုပ်ပြသကစားစေခြင်း၊ မီးသတ်ဆေးဘူးအပါအဝင် ခေတ်မီ မီးသတ်ကရိယာများဖြင့် လက်တွေ့မီးငြိမ်းသတ်နည်း သရုပ်ပြသခြင်း တို့အပြင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ ခေတ်မီရှာဖွေကယ်ဆယ်ရေးပစ္စည်းများ အသုံးပြုပုံတို့ကို ရှင်းလင်း သရုပ်ပြသပေးခဲ့ကြောင်း သိရသည်။
ဝေယံ (ဆိပ်ကြီးခနောင်တို)