မင်းဘူး ဇန်နဝါရီ ၄
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့၊ မြို့နယ်ရဲတပ်ဖွဲ့မှူး (ယာယီရဲမှူး) အောင်ကြည်မြင့် ဦးစီးသော ရဲတပ်ဖွဲ့ဝင်များသည် မင်းဘူးမြို့၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ကျောင်းသား/ကျောင်းသူများအား ယမန်နေ့ နံနက် ၉ နာရီအချိန်က မင်းဘူးမြို့၊ အထက(၁)ကျောင်း၊ ဦးဩဘာသခန်းမတွင် မှုခင်းကျဆင်းရေး အသိပညာပေး ဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အသိပညာပေးဟောပြောပွဲတွင် အထက(၁) ကျောင်းအုပ်ဆရာကြီး ဦးခိုင်မင်းအောင်က အဖွင့် အမှာစကား ပြောကြားပြီး၊ နယ်ထိန်း (အရာရှိ) ဒုရဲအုပ်ကျော်ငြိမ်းမှ မှုခင်းများ လျော့နည်း ကျဆင်းရေး၊ ခိုး/ဆိုး/လုနှိုက် အမှုများမဖြစ်ပွားစေရေး၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီး ကာကွယ်ရေးနှင့် ပြစ်မှု/ပြစ်ဒဏ်များ ဆောင်ရန်/ရှောင်ရန်အချက်များနှင့် ယာဉ်စည်းကမ်း၊ လမ်း စည်းကမ်းဆိုင်ရာ အသိပညာပေးရှင်းလင်းဟောပြောခဲ့ကြောင်း သိရသည်။
ထို့နောက် မင်းဘူးမြို့မစခန်းမှူး ဒုရဲမှူးမြင့်ဇော်က သက်ငယ်မုဒိမ်းမှု/ မုဒိမ်းမှုခင်း လျော့နည်း ကျဆင်းစေရေးအတွက် ပြစ်မှုပြစ်ဒဏ်များ၊ ဆောင်ရန်/ရှောင်ရန်အချက်များနှင့် လူကုန်ကူးမှု အန္တရာယ် တားဆီးကာကွယ်ရေး၊ မှုခင်းကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ ကြောင်း သိရှိရသည်။
ဆက်လက်၍ မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးအောင်ကြည်မြင့်က လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေးနှင့်ပတ်သက်သည့် ပြစ်မှု/ပြစ်ဒဏ်များ၊ ဆောင်ရန်/ရှောင်ရန် အချက်များအား အသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ပြီး ကျောင်းသား/ကျောင်းသူများမှ သိရှိလိုသည်များကို ပြန်လည် ရှင်းလင်းဖြေကြားခဲ့ကြောင်းသိရသည်။
အဆိုပါ အသိပညာပေး ဟောပြောပွဲသို့ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ယာယီရဲမှူး အောင်ကြည်မြင့် မြို့မရဲစခန်းမှူး ဒုရဲမှူးမြင့်ဇော်၊ နယ်ထိန်း (အရာရှိ) ဒုရဲအုပ်ကျော်ငြိမ်း၊ အထက (၁) ကျောင်း ကျောင်းအုပ်ဆရာကြီး ဦးခိုင်မင်းအောင်နှင့် ဆရာ/ဆရာမများစုစုပေါင်း (၁၂၀) ဦးတို့ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
ကျော်စိုးဝင်း (မင်းဘူး)