ပခုက္ကူ ဇန်နဝါရီ ၄
ပညာရေးဝန်ကြီးဌာန၊ ပခုက္ကူတက္ကသိုလ်မှ ပြန်လည်အပ်နှံခဲ့သည့် မြေဧရိယာ(၂၅.၉၆)ဧကအတွက် လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ်ယာယီပုံစံ(၃)လျှောက်လွှာအား မူလပိုင်ရှင်တောင်သူများ လက်ဝယ်ထံပေးအပ်ပွဲကို ပခုက္ကူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြဧရာ(၂) အစည်းအဝေးခန်းမ၌ ယနေ့နေ့လည် ၁ နာရီက ကျင်းပသည်။
ရှေးဦးစွာ အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဟန်ဇော်ဝင်းက ပညာရေးဝန်ကြီး ဌာန၊ ပခုက္ကူ တက္ကသိုလ်မှ ပြန်လည်အပ်နှံခဲ့သည့် မြေဧရိယာ(၂၅.၉၆)ဧကနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မကွေးတိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီအဖွဲ့ဝင် ဦးအောင်ကျော်ကျော် က သိမ်းဆည်းခံမြေ စိစစ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများ အကြောင်းကို အကျဉ်းချုပ် ရှင်းလင်းပြောကြားသည်။
ထို့နောက် အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဟန်ဇော်ဝင်း၊ ပခုက္ကူမြို့နယ် လယ်ယာ မြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည် စိစစ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်ဆောင်နှင့် တာဝန်ရှိသူများက ပညာရေးဝန်ကြီးဌာန၊ ပခုက္ကူတက္ကသိုလ်မှ ပြန်လည် အပ်နှံခဲ့သည့် ပခုက္ကူမြို့နယ်၊ ကျွဲတဲကျေးရွာအုပ်စု၊ ကွင်း အမှတ်(၃၃၈/၃၃၉)၊ ကွင်းပေါင်း(၂)ကွင်း၊ ဦးပိုင်ပေါင်း(၁၄)ခု၊ တောင်သူပေါင်း(၉)ဦး၊ ဧရိယာ (၁၁.၇၇)ဧကနှင့် ချောက်ကန် ကျေးရွာအုပ်စု၊ ကွင်းအမှတ်(၃၅၆/ခ)၊ ဦးပိုင်ပေါင်း(၄)ဦး၊ ဧရိယာ(၁၄.၁၉)ဧက၊ စုစုပေါင်းမြေ ဧရိယာ (၂၅.၉၆)ဧက အတွက် လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ် ယာယီပုံစံ(၃)လျှောက်လွှာအား မူလပိုင်ရှင် တောင်သူများ လက်ဝယ်ထံ အသီးသီးပြန်လည် ပေးအပ်ခဲ့ကြောင်း သိရသည်။
ဆလိုင်းကိုကီး(ပြန်/ဆက်)