ဆိပ်ကြီးခနောင်တိုမြို့နယ်၌ နေအိမ်ပြင်ပထွက်သူတိုင်း အကာအကွယ် Mask တပ်ဆင်ရေး ကြပ်မတ်စစ်ဆေးအရေးယူဆောင်ရွက်

ဆိပ်ကြီးခနောင်တို အောက်တိုဘာ ၁၄

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများကို  ဘက်ပေါင်းစုံမှ အရှိန်အဟုန်မြှင့် နေ့စဉ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် (၈)နာရီမှစ၍  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးကော်မတီ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီတို့ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ မြို့နယ် အတွင်း ‌နေအိမ်ပြင်ပထွက်သူတိုင်း အကာအကွယ် Mask စနစ်တကျ တပ်ဆင်ပါရှိရေး ကြပ်မတ် စစ်ဆေးဆောင်ရွက်လျက်ရှိသည်။

ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မိုး ဦးဆောင် သည့်အဖွဲ့နှင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးထွန်းထွန်းအောင် ဦးဆောင်သည့်အဖွဲ့တို့မှ မြို့နယ်အတွင်းရှိ မြို့မဈေး၊ စက်တပ်ရေယာဉ်(သမ္ဗန်ဆိပ်)အနီး၊ ဗဟိုလမ်း၊ ရှုခင်းသာမြို့ပတ်လမ်းနှင့် အခြား နေရာများတွင်  ဈေးရောင်း၊ ဈေးဝယ်ပြည်သူများ၊ အကြောင်းအမျိုးမျိုးဖြင့် နေအိမ်ပြင်ပ သွားလာသူများအား ပါးစပ်နှင့်နှာခေါင်းစည်း အကာအကွယ် Mask စနစ်တကျတပ်ဆင်ပါရှိရေးကြပ်မတ် စစ်ဆေး၍ အကာအကွယ်  Mask မပါရှိသူများအား စစ်ဆေး၍ ဒဏ်ငွေ ကျပ် ၂၀၀/- ဆောင်စေပြီး Mask တစ်ခုပေးကာ ချက်ချင်းတပ်စနစ်တကျ တပ်စေပြီး Mask တပ်ဆင်ရခြင်း၏ အကျိုးကျေးဇူးအား ရှင်းလင်းပြောကြားပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ  အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ကြေညာသည့် လမ်းညွှန်ချက်များအား အသိပညာပေးပြောကြားခြင်း၊ လူစုလူဝေးဖြင့် နေအိမ်ပြင်ပသို့ သွားလာခြင်းမပြုရေးတို့ကို ကြပ်မတ်စစ်ဆေး လျက်ရှိကြောင်း သိရသည်။

ဝေယံ(ဆိပ်ကြီးခနောင်တို)