မင်းကင်းမြို့နယ်ရှိ ကျောက်အိုး ချောင်းကူးတံတားအား ဖြတ်သန်းသွားလာခွင့်ပြုလိုက်ပြီ

မင်းကင်း အောက်တိုဘာ ၁

စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ် ကျောက်အိုးကျေးရွာရှိ ကျောက်အိုးချောင်းကူးတံတား တည်ဆောက်ခြင်းမှာ ရာနှုန်းပြည့်ပြီးစီး ဖြစ်သောကြောင့် အောက်တိုဘာ ၁၂ ရက်နေ့မှစတင်ကာ ပြည်သူများအား ဖြတ်သန်းသွားလာခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ တံတားအရှည်မှာ ပေ ၁၂၀၊ အမြင့် ၁၁ ပေ၊ အကျယ် ၂၀ ပေ၊ ယာဉ်သွားလမ်းအကျယ် ၁၈ ပေဖြစ်ပြီး  ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စု အထူးပြင်ဆင်ခြင်း ရန်ပုံငွေမှ ကျပ်သန်း(၁၂၀) အကုန်ကျခံ၍  ဇူလိုင်လ ၁၅ ရက်နေ့မှ စတင်ကာ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တည်ဆောက်ရေး အဖွဲ့ (၁) တံတားအထူးမှ စတင်ဆောက်လုပ်ကြောင်း သိရသည်။

အဆိုပါ တံတားတည်ဆောက်ပြီးစီးပြီ ဖြစ်သောကြောင့် ညောင်ကုန်း-ပြေကန်-ကျောက်အိုးအုပ်စု များမှ အိမ်ထောင်စု (၇၈၉) လူဦးရေ (၃၄၆၄) ဦးတို့၏ ကျန်းမာရေး၊ ကုန်စည်စီးဆင်းမှု လျင်မြန်ချောမွေ့စွာ ဖြတ်သန်းသွားလာနိုင်ပြီ ဖြစ်ကြောင်း သိရသည်။

လှငွေ (မင်းကင်း)