မြောက်ဥက္ကလာပမြို့နယ် ဘုန်းကြီးကျောင်းများနှင့် သီလရှင်ကျောင်းများအား လှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်းခြင်းနှင့် အခြေခံအိမ်ထောင်စုများအား စားသောက်ကုန်များလှူဒါန်း

​မြောက်ဥက္ကလာပ အောက်တိုဘာ ၁၄

​ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန် Stay at Home သတ်မှတ်ထားစဉ်ကာလ အတွင်း သံဃာတော်များ၊ သီလရှင်များ ဆွမ်းကိစ္စအဆင်ပြေစေရန်နှင့် အမှန်တစ်ကယ် လိုအပ်လျက်ရှိ သော မိသားစုများ စားဝတ်နေရေးအခက်အခဲမဖြစ်စေရန် ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်ရှိ We Love North Okkalapa ပရဟိတအဖွဲ့မှ ဘုန်းကြီးကျောင်းများ၊ သီလရှင်ကျောင်းများနှင့် ရပ်ကွက်များတွင် ဆန်၊ ဆီစသည့် အခြေခံစားသောက်ကုန်များကို ယမန်နေ့ ညနေပိုင်းကစ၍ လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုသို့လှူဒါန်းရာတွင် We Love Yangon မှ တစ်ဆင့် We Love North Okkalapa ပရဟိတအဖွဲ့မှ ရွှေပေါက်ကံမြို့သစ်ရပ်ကွက်အတွင်းရှိ ဘုန်းကြီးကျောင်းအချို့နှင့် (၂)ရပ်ကွက် အာသာဝတီ ကျောင်းတိုက်ဝန်းအတွင်းရှိ သံဃာအရေအတွက်များသော စာသင်တိုက်များ၊ ဆွမ်းအခက်အခဲရှိသော ဘုန်းကြီးကျောင်းများနှင့် သီလရှင်ကျောင်းများကို ဆန်၊ ဆီ၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်အပါအဝင် အခြေခံစားသောက်ကုန်များကို ဆပ်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ဆက်လက်၍ We Love Northokkalapa ပရဟိတအဖွဲ့မှ မြောက်ဥက္ကလာပမြို့နယ်အတွင်း အမှန် တကယ် လိုအပ်လျက်ရှိသောမိသားစုများ စားဝတ်နေရေးအခက်အခဲမဖြစ်စေရန်အတွက် အလှူရှင်များ နှင့် စုပေါင်းလှူဒါန်းထားသော အခြေခံစားသောက်ကုန်များအား (၂)ရပ်ကွက်၊  (စ) ရပ်ကွက်၊ ဝေဘာဂီ (၂) ရပ်ကွက်၊ တံတားကြီးရပ်ကွက်၊ ကျောက်ရေတွင်းရပ်ကွက်နှင့် ရွှေပေါက်ကံ (၁၁) ရပ်ကွက်အတွင်းရှိ အိမ်ထောင်စုအချို့ကို We Love North Okkalapa ပရဟိတအဖွဲ့သားများမှ အိမ်တိုင်ရာရောက် လိုက်လံလှူဒါန်းပေးခဲ့ပြီး အလှူရှင်အနေဖြင့် ပူးပေါင်းပါဝင် လှူဒါန်းလိုပါက ဖုန်း-၀၉/၉၇၅၈၉၇၈၅၀ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

မြမြဝင်း(ပြန်/ဆက်)