တံတား အောက်တိုဘာ ၁၄
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် မဲရုံများလုံခြုံရေး တာဝန်ပေးအပ်နိုင်ရေးအတွက် ရန်ကုန်တောင်ပိုင်းခရိုင် တံတားမြို့တွင် အထူးရဲ(၆၁)ဦးကို အောက်တိုဘာ ၇ ရက်နေ့က တံတားမြို့ သုံးလောကထွဋ်ခေါင်မာရ် အောင်ရတနာဘုရားကြီးဝင်းအတွင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ Swab ယူ စစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ မရှိကြောင်း သိရသည်။
အထွေထွေရွေးကောက်ပွဲတွင် မဲရုံလုံခြုံရေးအတွက် တာဝန်ထမ်းဆောင်ကြရမည့် အထူးရဲများအနေဖြင့် ရွေးကောက်ပွဲမတိုင်မီနှင့် ရွေးကောက်ပွဲကျင်းပစဉ် ကာလအတွင်း တာဝန်ကျရာမဲရုံများတွင် ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများနှင့် ပူးပေါင်း၍ မဲရုံလုံခြုံရေးကို တာဝန်ယူဆောင်ရွက် ကြရမှာဖြစ်သည့်အတွက် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကာလအတွင်း ကျန်းမာရေးနှင့်အညီ ဆောင်ရွက်နိုင်ကြစေရန် အထူးရဲများကို ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးခြင်း ဖြစ်ကြောင်းနှင့် တံတားမြို့တွင် အထူးရဲ(၆၁)ဦးတွင် Swab စစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ မရှိကြောင်း တံတားမြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရှိရသည်။
အဆိုပါ အထူးရဲသင်တန်းသား (၆၁)ဦးအပြင် မဲရုံတာဝန်ထမ်းဆောင်မည့် ပညာရေးဝန်ထမ်းများကို လည်း ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
တင်နိုင်ဝင်း(ပြန်/ဆက်)