ရန်ကုန် အောက်တိုဘာ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်ရှိ Quarantine Center (၅)ခုတွင် ပါဝင်ကူညီ ဆောင်ရွက်နေသော ပရဟိတ အဖွဲ့များနှင့် လူမှုကူညီရေးအသင်းများသည် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်စေရန် ရည်ရွယ်၍ လူနာတင်ယာဉ်ကား(၁၂)စီးအတွက် တာယာ(၂၄)လုံးကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က လှူဒါန်းခဲ့ကြောင်း သိရသည်။
အင်းစိန်မြို့နယ်၊ Qurantine Center (၅)ခုရှိ လူနာတင်ယာဉ်ကားများသည် ပိုးတွေ့လူနာ၊ ထိတွေ့လူနာ၊ သံသယလူနာများအား စဉ်ဆက် မပြတ် ခေါ်ယူပို့ဆောင်ပေးလျက်ရှိသော လူနာတင်အရေးပေါ်ကားအတွက် တပ်ဆင်အသုံးပြုနိုင်ရန် WEST LAKE တာယာ ကုမ္ပဏီမှ တာဝန်ရှိသူများက လှူဒါန်းရာ ပရဟိတအဖွဲ့များ၊ လူမှုကူညီရေးအသင်းများနှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ သည်။
ပရဟိတအဖွဲ့များ၊ လူမှုကူညီရေးအသင်းများသည် အင်းစိန်မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး နှင့်အရေးပေါ်တုံ့ပြန့်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်အတွင်းရှိ Quarantine Center (၅)ခု၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ပါဝင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)