ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အပြင်ထွက်တိုင်း နှာခေါင်းစည်း(mask) တပ်ဆင်ရန် မြို့နယ် ကိုဗစ်-၁၉ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ နေ့စဉ်စစ်ဆေး ဆောင်ရွက်

ကွမ်းခြံကုန်း အောက်တိုဘာ ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ယမန်နေ့မနက်()နာရီက မြို့လယ်ဗိုလ်ချုပ် လမ်းမကြီးပေါ်တွင် ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ အပြင်ထွက်လာသူတိုင်းအား နှာခေါင်းစည်း(mask) တပ်ဆင်လာခြင်း ရှိ၊မရှိ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆောင်ရွက်မှုတွင် ကိုဗစ်-၁၉ မြို့နယ်စည်းကမ်းထိန်းသိမ်းရေး အဖွဲ့ဝင်များဖြစ်သည့် ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်များ ပူးပေါင်း၍ ဗိုလ်ချုပ်လမ်းမကြီးပေါ်တွင် နေအိမ်ပြင်ပ သွားလာနေသူများ၊ စက်ဘီး၊ ဆိုင်ကယ်နှင့် မော်တော်ယာဉ်များပေါ်တွင် စီးနင်းလိုက်ပါလာသူများအား နှာခေါင်းစည်း(mask) တပ်ဆင်လာခြင်းမရှိပါက ဒဏ်ကြေးငွေ (၂၀၀)ကျပ် ပေးဆောင်စေပြီး (mask)တစ်ခုပေး၍ ချက်ချင်းတပ်ဆင်စေရန် ဆောင်ရွက်ခဲ့ကြသည်။ ထို့အပြင် ယခုအချိန်သည် ကူးစက်မြန်ကိုဗစ်၁၉ရောဂါ ဖြစ်ပွားနေသည့်ကာလဖြစ်သဖြင့် ကြိုတင်ကာကွယ်ရေး အတွက် နှာခေါင်းစည်းတပ်ရန်၊ လက်ကို မကြာခဏ ဆေးကြောရန်၊ လူစုလူဝေးများကို ရှောင်ရှားရန်အတွက် တတ်နိုင်သမျှ မိမိအိမ်တွင်သာ နေထိုင်ရန် ၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များအား လိုက်နာကြရန် တို့ကို အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထွန်းထွန်းစိုး (ပြန်/ဆက်)