ရှမ်းရွာသစ်မြို့၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်‌ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

ရှမ်းရွာသစ်  မတ် ၁

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့အတွင်းရှိ ဈေးဆိုင်များ၊ လူစည်ကားရာနေရာများနှင့် ပြည်သူများထံသို့ ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကာကွယ်ရေးအသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေခြင်း၊ နံရံကပ်ပိုစတာများကပ်ခြင်းနှင့် အသိပညာပေး ဗီနိုင်းများ စိုက်ထူခြင်းကို ယနေ့နံနက်(၇)နာရီ အချိန်က ရှမ်းရွာသစ်မြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကျေးလက်ကျန်းမာရေးဦးစီးဌာနတို့မှ ဦးဆောင်၍ မြို့အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအဖွဲ့ဝင်တို့ ပူးပေါင်းပြီး ဆောင်ရွက်ခဲ့သည်။

အဆိုပါ လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းအားဖြင့် ကိုရိုနာဗိုင်းရပ်စ်၏ ပြင်းထန်သောအဆုတ်ရောင်ရောဂါ အကြောင်းကို ပြည်သူများသေချာစွာ သိရှိနားလည်ပြီး ရောဂါဖြစ်ပွားမှုမရှိစေရန် တစ်ကိုယ်ရည် သန့်ရှင်းစွာ နေထိုင်ရေးနှင့် လူထူထပ်သောနေရာများ သွားရောက်ပါက ဆောင်ရန်/ရှောင်ရန် နည်းလမ်းများကို သိရှိစေရန်အတွက် ကျန်းမာရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဝေဠု (ပြန်/ဆက်)