ကျောက်ကြီး သြဂုတ် ၁၀
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်တွင် အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေး ဟောပြောပွဲကို ကျင်းပပြုလုပ်ရခြင်းမှာ မိမိမြို့နယ်အတွင်းရှိ ကျောင်းသား/ကျောင်းသူများနှင့် ဒေသခံပြည်သူများ သိသင့်သိထိုက်သည်များကို သိရှိနိုင်ရန် ရည်ရွယ်ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ပြောကြားပြီး နယ်မြေခံတပ်ရင်း ခလရ (၆၀) မှ ဗိုလ်ကြီးဇေယျာလင်းက အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးအနေဖြင့် ကမ္ဘာ့ကုလသမဂ္ဂက မည်သည့်နိုင်ငံမဆို စစ်ဆေးပိုင်ခွင့်ရှိကြောင်း၊ ကြည်းတပ်၊ လေတပ်၊ ရေတပ် စသည့် တပ်များကို ပိုင်ဆိုင်မှ တပ်မတော်ဟုခေါ်ကြောင်း၊ လူအခွင့်အရေး၊ အလုပ်သမားအခွင့်အရေး၊ ကလေးသူငယ်အခွင့်အရေး စသည့် အခွင့်အရေးသုံးမျိုးရှိကြောင်း အဆိုပါအခွင့်အရေးများအရ စစ်မှုထမ်းခွင့်မရှိသည့် အသက်(၁၈)နှစ် မပြည့်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းဆောင်ခြင်းမှ ပြင်းပြင်းထန်ထန် စည်းကမ်းသတ်မှတ်ကာ ကာကွယ်ထားကြောင်း၊ တပ်မတော်အတွင်း အရွယ်မရောက်သေးသည့် ကလေးသူငယ်များ စစ်မှုထမ်းနေလျှင်ချက်ခြင်း နှုတ်ထွက်ခွင့်ပေးထားခြင်း၊ အရွယ်မရောက်သေးသူများကို ခေါ်ယူစုဆောင်ထားရှိခဲ့သူများကိုလည်း ထိရောက်သည့် ပြစ်မှုပြစ်ဒဏ်များ ချမှတ်စီရင်ဆောင်ရွက်လျှက်ရှိကြောင်း၊ အရွယ်မရောက်သေးသူ ကလေးသူငယ်များ စစ်မှုထမ်းဆောင်တာတွေ့လျှင် သက်ဆိုင်ရာ တပ်မတော် ပြန်တမ်းဝင်အရာရှိများထံတွင် တိုင်းကြားနိုင်ကြောင်း၊ ခေတ်မီတပ်မတော်မရှိလျှင် သူ့ကျွန်ဘဝကျရောက်နိုင်ကြောင်း၊ တပ်မတော်ဖွဲ့စည်းတဲ့နေရာမှာ တိုက်ခိုက်ရေးပညာရပ်အပြင် အုပ်ချုပ်ရေးပညာရပ်ပါ သင်ကြားပေးကြောင်း ဟောပြောဆွေးနွေးခဲ့သည်။
ဆက်လက်ပြီး ဟောပြောပွဲကို တက်ရောက်လာသော ကျောင်းသား/ကျောင်းသူများနှင့် ဒေသခံ လူငယ်လူရွယ်များက အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးနှင့် ပတ်သက်ပြီး မိမိတို့သိလိုသည်များကိုမေးမြန်းဆွေးနွေးရာ နယ်မြေခံတပ်ရင်း ခလရ(၆၀) မှ ဗိုလ်ကြီးဇေယျာလင်းက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီး အဆိုပါဟောပြောပွဲကို အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများ၊ အ.ထ.က(ခွဲ) ပဲခူးရပ်ကျောင်းမှကျောင်းသား ကျောင်းသူများနှင့် ဒေသခံလူငယ်လူရွယ် (၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)