ပွင့်ဖြူ ဇန်နဝါရီ ၅
၂၀၂၀ ပြည့်နှစ် ( ၇၂ ) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့ ပွင့်မာလာပန်းဥယျာဉ်ခြံတွင် ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများနှင့် မျိုးဆက်သစ်လူငယ်မောင်မယ်များ မြန်မာ့ရိုးရာ ခြင်းအလှခတ်နည်းပညာအား တန်ဖိုးထားထိန်းသိမ်းတတ်စေရန်နှင့် ကျွမ်းကျင်စွာ ကစားတတ်စေရန် ရည်ရွယ်၍ ရေနံချောင်းမြို့မှ မျိုးဆက်သစ်ကစားသမား အောင်သူဖြိုးနှင့် မကွေးတိုင်းဝန်ကြီးချုပ်ဖလား ငါးခရိုင်နှင့် အထက်ဗမာပြည် ဖိတ်ခေါ်ခြောက်ပေါက်တန်း အကောင်းဆုံးဆုရ အောင်ဝင်းဇော်တို့က ပွင့်ဖြူမြို့ပေါ်ရှိ ခြင်းဝါသနာရှင်များအဖွဲ့နှင့် ပူးပေါင်းကာ မြန်မာ့ရိုးရာခြင်းအလှခတ်နည်းသရုပ်ပြပွဲ လာရောက်ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ မြန်မာ့ရိုးရာခြင်းအလှခတ် သရုပ်ပြပွဲသို့ ပွင့်ဖြူမြို့ပေါ်ရှိ ဌာနဆိုင်ရာများ၊ ဒေသခံ ခြင်းအားကစားဝါသနာရှင်များနှင့် ကျောင်းသား/ကျောင်းသူများက စိတ်ဝင်တစား လာရောက်ကြည့်ရှုအားပေးကြပြီး မြန်မာ့ရိုးရာခြင်းအလှခတ် မျိုးဆက်သစ်ကစားသမား အောင်သူဖြိုးနှင့် မကွေးတိုင်းဝန်ကြီးချုပ်ဖလားငါးခရိုင်နှင့် အထက်ဗမာပြည် ဖိတ်ခေါ်ခြောက်ပေါက်တန်း အကောင်းဆုံးဆုရ အောင်ဝင်းဇော်တို့က တစ်ကိုယ်တော် ခြင်းအလှခတ်၍ သရုပ်ပြခြင်း၊ ပွင့်ဖြူမြို့ပေါ်ရှိ ခြင်းဝါသနာရှင်များနှင့် ဝိုင်းခြင်းအလှခတ် သရုပ်ပြသခြင်းများ ပြသဆောင်ရွက်ရာ လာရောက်ကြည့်ရှုကြသူများက သရုပ်ပြသကစားနေမှုများကို အကြိုက်တွေ့ကာ မိုဘိုင်းဖုန်းများဖြင့် အမှတ်တရ ဓာတ်ပုံရိုက်ကူးခြင်းနှင့် Movie ရိုက်ကူးခြင်းများ ပြုလုပ်ကြကြောင်း ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမျိုးဝင်း ထံမှ သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)