ကျောက်တန်းမြို့နယ်တွင် ပိုးတွေ့အတည်ပြုလူနာများနှင့် ထိတွေ့ခဲ့သူ(၁၁၈) ဦးအား Rapid Test Kit ဖြင့် စစ်ဆေး (၁၁) ဦးပိုးတွေ့ရှိ

ကျောက်တန်း အောက်တိုဘာ ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့အတည်ပြုလူနာများနှင့် ထိတွေ့ခဲ့သူ(၁၁၈)ဦး၏ Swab နမူနာများရယူကာ Rapid Test Kit  ဖြင့် စစ်ဆေးခြင်ကို ယမန်နေ့ နံနက်ပိုင်းက စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာနက သိရသည်။

ထိုသို့ Rapid Test Kit ဖြင့် စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက  ပိုးတွေ့ အတည်ပြုလူနာများနှင့် ထိတွေ့ခဲ့သူ (၁၁၈)ဦးအား စစ်ဆေးရာ အလယ်ပိုင်းရပ်ကွက်၊ လမ်းမတော်လမ်းမှ(၁)ဦး၊ သီလဝါစက်မှုဇုန်(၁)ဦး၊ ရွှေကုန်းရပ်ကွက်၊ အရှေ့ကုန်းလမ်း(၂)ဦး၊စံချိန်မီရပ်ကွက်၊ ဒေါနလမ်း(၁)ဦး၊ အမှတ်(၇) ရဲတပ်ရင်း (၁)ဦး၊ မြိုင်သာယာ(၅)ရပ်ကွက်(၁)ဦး၊ သီလဝါရွာဟောင်း (ရွှေပြည်သာယာရပ်ကွက်)(၁)ဦး၊ ဆင်ကန် ရပ်ကွက်၊ နေပြည်တော်(၂)လမ်း(၁)ဦးနှင့် အရှေ့ပိုင်းရပ်ကွက်  ငွေသောင်ယံ(၂)ဦး  စုစုပေါင်း ပိုးတွေ့အတည်ပြု လူနာသစ် (၁၁)ဦး  ထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ပိုးတွေ့အတည်ပြုလူနာများအား ရန်ကုန်မြို့ရိုးမအိမ်ရာသို့ ပို့ဆောင်ပြီး ဆေးကုသမှုများ ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ကျောက်တန်းမြို့နယ်တွင်  တံတားမြို့အပါအဝင် လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ပိုးတွေ့အတည်ပြုလူနာပေါင်း  (၁၅၄)ဦး ရှိပြီး ရောဂါပျောက်ကင်း၍ ဆေးရုံမှ ဆင်းသူ(၉၈)ဦး၊ သေဆုံးသူ (၃) ဦးနှင့် ဆေးကုသမှု ခံယူနေသူ ပေါင်း(၅၃) ဦးရှိကြောင်း  မြို့နယ်ကျန်းမာရေး ဦးစီးဌာနက သိရသည်။

ကျောက်တန်းမြို့နယ်တွင် Quarantine Centre  (၄)ခုနှင့် ယာယီဆေးကုသရေးစင်တာ (၁) ခု ထားရှိ ဆောင်ရွက် ထားကြောင်း သိရသည်။

ခင်ဆွေဝင်း  (ကျောက်တန်း)