စလင်း ဇန်နဝါရီ ၅
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ လင်းဇင်းကျေးရွာအုပ်စု၊ လင်းဇင်းကျေးရွာရှိ အ.ထ.က(လင်းဇင်း) ဘောလုံးကွင်းအတွင်း၌ ယမန်နေ့နံနက် ၁၀ နာရီက (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မျိုးနွားသိုးပြပွဲ၊ ပြိုင်ပွဲ၊ နွားအလှပြေးပြိုင်ပွဲနှင့် ဆုပေးပွဲကို ကျင်းပခဲ့သည်။
အဆိုပါပြိုင်ပွဲကို မကွေးတိုင်းဒေသကြီး၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ကျင်းပခြင်းဖြစ်သည်။ အညာဒေသသည် ပူပြင်းပြီး အပူဒဏ်ခံနိုင်သောနွားများကိုသာ လယ်ယာလုပ်ငန်းခွင်နှင့် အံဝင်ခွင်ကျအသုံးပြုကြပေသည်။ ခေတ်မီစက်ကိရိယာများ အသုံးပြုနေပြီဖြစ်သော်လည်း ရှေးအစဉ်အဆက် မိရိုးဖလာသုံးစွဲခဲ့သော နွားများကိုပစ်ပယ် လို့မရသေးပေ။ ထို့ကြောင့် အညာဒေသတွင် နွားများကို အဓိကထား မွေးမြူကြသည်။
တောင်သူများအနေနဲ့ မိုးဦးမကျမီ မိုးစပါးအတွက် လယ်ယာလုပ်ငန်းခွင်မဝင်မီ အားလပ်ရက်များတွင် ရိုးရာယဉ်ကျေးမှုမပျောက်စေရန် နွားများ၏စွမ်းရည်၊ နွားမောင်းသူ၏ စွမ်းရည်၊ နွားကောင်းများ၏ကြန်အင်လဏ္ခာနှင့် နွား၏အဝအလှပြသရန် မြန်မာ့နွားသိုးအလှ အချောပြိုင်ပွဲကို ကျင်းပခြင်းဖြစ်သည်။
မြန်မာ့နွားသိုးအလှအချောပြိုင်ပွဲကို မြန်မာ့ခိုင်းနွားမျိုးရင်းဖြစ်ခြင်း၊ နွားအမွှေးသန့်ခြင်း (ဖြူ၊ ပြာ၊ နီ၊ ဝါ၊ နက်)၊ နားရွက်မကြီးခြင်း၊ ဇတ်ပေါက်ကောင်းခြင်း၊ နှာတံသွယ်ခြင်း၊ လည်ပတ်မကျခြင်း၊ သိုပတ်မကျခြင်း၊ ခြေကျလက်ကျဖြောင့်ခြင်း၊ ခွာလုံးခြင်း၊ ခွာပူးစုခြင်း/ရှည်မနေခြင်း၊ ထိပ်ပြင်ကျယ်ခြင်း၊ ရင်အုံကျယ်ခြင်း၊ တင်ဆုံကျယ်ခြင်း၊ ထိပ်ဗွေနေရာမှန်တွင် တစ်လုံးသာရှိခြင်း၊ ကျောဗွေတို့နောက်(၉) လက်မအတွင်းရှိခြင်း၊ မြီးတံသွယ်ခြင်း၊ မြီးဆံကောင်းမွန်ခြင်း၊ နံရိုးအချိုးအစား မှန်ကန်ခြင်း၊ တို/ပြော့မရှိခြင်း၊ ဝှေးစေ့အရွယ်တူညီခြင်း၊ သွားပေါက်မှန်ကန်ခြင်း၊ ဦးချိုဖြောင့်မတ်ခြင်း၊ ပြင်ဆင်ထားမှုမရှိခြင်း၊ ဘို့အနေအထား ဖြောင့်မတ်ကောင်းမွန် ကြီးမားခြင်း(ဒေါက်/အလျားညီမျှခြင်း)ဆိုသော အချက်များဖြင့် အမှတ်ပေး၍ နွားကြီး၊ နွားလတ်၊ နွားငယ်ဟူ၍ ယှဉ်ပြိုင်စေခြင်းဖြစ်သည်။
ပြိုင်ပွဲဆုရမြန်မာ့နွားသိုးအလှများကို မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာ၊ မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဝင်းမော်ဌေး၊ မကွေးတိုင်းဒေသကြီးမွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာ မောင်မောင်တိုး၊ မင်းဘူးခရိုင်ဦးစီးမှူး ဒေါက်တာ အောင်ကျော်မိုး၊ စလင်းမြို့နယ်ဦးစီးမှူး ဒေါက်တာအောင်သူရတို့မှဆုများ အသီးသီးပေးအပ်ခဲ့သည်။
သန်းမြင့်(ပြန်/ဆက်)