ရန်ကင်း အောက်တိုဘာ ၁၄
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်အတွင်းရှိ ဈေးများ၌ စည်းကမ်းတကျ ဈေးရောင်းချနိုင်ရေးအတွက် ယမန့်နေ့ နံနက်ပိုင်း က ဈေးရောင်းချ၊ ဝယ်ယူမှုများသည့် ဈေးများတွင် မြို့နယ်ကိုဗစ်-၁၉ ကော်မတီ အဖွဲ့ဝင်များ၊ မြို့နယ် စည်ပင်သာယာရေးကော်မတီမှ အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ပူးပေါင်းပါဝင်သော အဖွဲ့များမှ လိုက်လံနှိုးဆော်လျက်ရှိကြောင်း သိရသည်။
ထိုသို့နှိုးဆော်ရာတွင် ဈေးအတွင်း ဈေးရောင်းချနေကြသော ဈေးသူ၊ ဈေးသားများနှင့် ဈေးဝယ်သူများ အား ရောဂါကာကွယ်ရေးအတွက် ပါးစပ်နှာခေါင်းစည်း Mask၊ Face Shield၊ လက်အိတ်များ စနစ်တကျ တပ်ဆင်ကြရန်၊ လက်ဆေးကြရန်၊ Social Distancing နှင့်အညီ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာမှနေ၍ ဈေးရောင်းဝယ်ကြရန်၊ ဈေးများကို အချိန်လျှော့ချ၍ ဖွင့်မည်ဖြစ်၍ စည်းကမ်းလိုက်နာကြရန် စသည် တို့ကို အသံချဲ့စက်များ၊ Hand Speaker များဖြင့် ပြည်သူများ အသိသတိရှိစေရေးအတွက် စဉ်ဆက် မပြတ် လိုက်လံနှိုးဆော်ပေးလျက်ရှိကြောင်း သိရသည်။ ၎င်းအပြင် ရန်ကင်းမြို့နယ်၏ ထူးခြားသော ဈေးတစ်ခုဖြစ်သော ကံဘဲ့ဈေးကိုလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် တစ်ပတ် တိတိပိတ်ထားကြောင်း သိရှိရသည်။
ခင်လေး(ပြန်/ဆက်)