အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် လောင်းတော်ကဿပသို့ သွားရောက်နိုင်သည့် ကပိုင်-သပိတ်ဆေး-အလောင်းတော်ကဿပ ဘုရားဖူးရာသီလမ်း ယာယီလမ်းပိတ်ထား

ကနီ       ဇန်နဝါရီ       ၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင် ကနီမြို့နယ်အတွင်းရှိ အလောင်းတော်ကဿပ ရုပ်ပွားတော် တည်ရှိရာနေရာ စံကျောင်းတော်သို့ သွားရောက်နိုင်သည့်  ကပိုင်-သပိတ်ဆေး ဘုရားဖူးရာသီလမ်းမှာ ဇန်နဝါရီ ၃ ရက်နေ့နှင့် ညပိုင်းက မိုးရွာသွန်းမှုကြောင့် ဘုရားဖူးလမ်းကို ယာယီလမ်းပိတ်ထားကြောင်း အလောင်းတော် ကဿပဘုရား ဂေါပက ဥက္ကဋ္ဌ  ဦးအောင်ကိုလင်း၏ ပြောပြချက်အရ သိရသည်။   

ကနီမြို့နယ်အတွင်းရှိ အလောင်းတော်ကဿပရုပ်ပွားတော်တည်ရှိရာ နေရာသည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ အထင်ကရနေရာတစ်ခုဖြစ်ပြီး ၎င်းရုပ်ပွားတော်တည်ရှိရာ နေရာသို့ သွားရောက်နိုင်သည့် ကပိုင်-သပိတ်ဆေး ဘုရားဖူးရာသီလမ်းကို ဒီဇင်ဘာ ၂၄ ရက်နေ့က ဖွင့်လှစ်ပြီဖြစ်၍ မြန်မာပြည်အရပ်ရပ်မှ ဘုရားဧည့်သည်များ အလောင်းတော်ကဿပသို့ သွားလာနေပြီလည်းဖြစ်ပါသည်။

ယင်းသို့ ဘုရားဖူးရာသီလမ်းဖွင့်ပြီး ဘုရားဖူးများ သွားလာဖူးမျှော်နေလျက်ရှိရာ  ဇန်နဝါရီလ ၃ ရက်နေ့ နေ့လယ်ပိုင်းတွင် မိုးစတင်ရွာသွန်း၍ လမ်းချော်မှုများရှိနေသောကြောင့် အတက်အဆင်းကားများ အန္တရာယ်မရှိစေရေးအတွက် အဆင်းကားများကို အလောင်းတော်ကဿပဘုရား ကားရပ်နားစခန်းတွင် တားထားကာ အတက်ကားများကို တောင်တက်လမ်းအစ ဂုံညင်းပင်စခန်းမှ တားထားပြီး ဘုရားဖူးလမ်းကို ဇန်ဝါရီလ ၃ ရက်နေ့မှ ယာယီလမ်းပိတ်ထားကြောင်း အလောင်းတော်ကဿပဘုရား ဂေါပက ဥက္ကဋ္ဌ ဦးအောင်ကိုလင်းက ပြောသည်။

မိုးရွာနေသည့်အတွက် လမ်းချော်မှုများရှိနိုင်၍ ကားများကို ကြိုတင်တားထားကာ လမ်းတွင်ကားများ လမ်းပိတ်စို့ ရပ်တန့်နေရမှုများ မရှိပါကြောင်းနှင့် မိုးဆက်လက်ရွာသွန်းနေလျှင် ဆက်လက်ပိတ်ထားရနိုင်ပြီး မိုးပြတ်သွားလျှင် နောက်နှစ်ရက်သုံးရက်အတွင်း ပုံမှန်ဘုရားဖူးများ သွားလာနိုင်မည်ဖြစ်ကြောင်း ဂေါပကဥက္ကဋ္ဌမှ ဆက်လက်ပြောပြ၍ သိရှိရသည်။

အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်အုပ်ချုပ်ရေးမှူး ဦးတင်စိုးအား ဆက်သွယ်မေးမြန်းရာ ချောင်းရေများလည်း ကျဆင်းနေသည့်အတွက် ဇန်နဝါရီ ၄ ရက်နေ့တွင် မိုးပြတ်သွားတောင် နောက် ၃ ရက်လောက်နေမှ လမ်းများ သွားလာနိုင်မည်ဖြစ်ပြီး နောက်ထပ်မိုးဆက်ရွာပါက လမ်းများလည်းပျက်နိုင်ကြောင်း ပြောကြားသည်။       

သန်းဌေးအောင် (ကနီ)