မော်လမြိုင်မြို့နယ်၌ ဈေးဆိုင်များနှင့် စားသောက်ဆိုင်များ ညွှန်ကြားချက်နှင့်အညီ ရောင်းချမှုရှိစေရေး ကွင်းဆင်းစစ်ဆေး

မော်လမြိုင်    အောက်တိုဘာ ၁၄

မွန်ပြည်နယ် မော်လမြိုင်မြို့၌ ရပ်ကွက်များအတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသော ဈေးဆိုင်များနှင့် စားသောက်ဆိုင်များကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ညွှန်ကြားချက်နှင့် အညီရောင်းချမှု ရှိစေရေးတို့ကို ယနေ့နံနက်ပိုင်း၌ ကွင်းဆင်း၍ တာဝန်ရှိသူအဖွဲ့များက လိုက်လံ စစ်ဆေးကြကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့၊ စားသုံးသူရေးရာ ဦးစီးဌာနနှင့် တာဝန်ရှိသူများက ဈေးဆိုင်နှင့်စားသောက်ဆိုင်များသည် ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာနညွှန်ကြားချက်နှင့်အညီ ရောင်းချမှုရှိစေရေး၊ စည်းကမ်း လိုက်နာမှုရှိ စေရေး၊ ပါဆယ်စနစ်ဖြင့်ရောင်းချမှုရှိစေရေးတို့ကို ရှောင်တခင်စစ်ဆေးခဲ့ကြောင်း ဆိုင်ပိုင်ရှင်များအား လည်း ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ကြရန် အသိပေးပြောကြားခဲ့ပြီး လိုက်နာမှုမရှိပါက ဥပဒေနှင့်အညီအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မော်လမြိုင်မြို့နယ်၌ ကျန်ရှိသည့်စားသောက်ဆိုင်များကိုလည်း ဆက်လက်စစ်ဆေးသွားမည် ဖြစ်ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

ပြည်နယ်(ပြန်/ဆက်)