သန်လျင် အောက်တိုဘာ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ ပိုးတွေ့အတည်ပြုလူနာ ၆၀၂ ဦးရှိပြီး သေဆုံးသူ ၁၀ ဦးရွိကာ ဆေးရုံမှဆင်းခွင့်ရရှိသူ ၁၀၆ ဦးအထိရှိလာပြီ ဖြစ်ကြောင်း ယမန်နေ့ ညနေပိုင်းက သန်လျင်မြို့နယ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်မှု အထောက်အကူပြု ကော်မတီမှ သိရသည်။
သန်လျင်မြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါပိုးရှိသူများနှင့် ထိတွေ့ဆက်စပ်ခဲ့ရာမှ ရောဂါပိုး ကူးစက်ခံရသူများနှင့် ရောဂါပိုးရှိသူများနှင့် ထိတွေ့မှုမရှိဘဲ ရောဂါပိုးကူးစက်ခံရ သူများလည်း ရှိလာသဖြင့် သန်လျင်မြို့နယ်အတွင်း ရောဂါပိုး ကူးစက်ပျံ့နှံ့မှုများအား ထိန်းချုပ်နိုင်ရေးအတွက် သန်လျင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ ဦးဆောင်ကာ မြို့နယ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်မှု အထောက်အကူပြု ကော်မတီများ၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့၊ လူမှုရေးအသင်းအဖွဲ့များ၊ ပရဟိတအဖွဲ့များ၊ ရပ်ကွက်နှင့်ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ အလှူရှင်များ၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူးများနှင့် ပြည်သူများ ပူးပေါင်းကာ မြို့နယ်အတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကျန်းမာရေးစည်းကမ်းချက် များအား ပြည်သူများ သိရှိလိုက်နာနိုင်ရေး အသိပေးနှိုးဆော်ခြင်းများနှင့် ရပ်ကွက်နှင့် ကျေးရွာများအတွင်း ပိုးသတ်ဆေးဖျန်းခြင်း၊ ပါးစပ်နှာခေါင်းစည်း Mask များ စနစ်ကျတပ်ဆင်ရေး၊ လက်များအား စနစ်တကျ ဆေးကြောရေးတို့အား အသိပညာ ပေးခြင်းနှင့် ပါးစပ်နှာခေါင်းစည်း Mask များအား အခမဲ့ ဖြန့်ဝေပေးခြင်းများ အပါအဝင် စားသောက်ရေး အခက်အခဲရှိသော ပြည်သူများအား အခြေခံစားသောက်ကုန်များအား စုပေါင်း လှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။
သန်လျင်မြို့နယ်တွင် ရောပိုးရှိသူများနှင့် ထိတွေ့ဆက်စပ်ခဲ့သူများအား စောင့်ကြည့်စခန်းများ ဖြစ်သော နည်းပညာတက္ကသိုလ် (သန်လျင်)၊ ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်၊ အ.ထ.က (၄)၊ အ.ထ.က (၂)၊ အ.ထ.က (၁) နှင့် မဟာအတုလ သဒ္ဓမ္မရံသီ သာသနာ့ဗိမာန်တော်ကြီးအပါအဝင် စောင့်စခန်း ၆ တို့၌ စောင့်ကြည့်လူပေါင်း ၁၀၀၀ နီးပါးအထိ ရှိလာပြီဖြစ်ကြောင်းနှင့် ပြည်သူများအနေဖြင့် ရောဂါကာကွယ်ရေးအတွက် မလိုအပ်ဘဲ နေအိမ်ပြင်ပမထွက်ကြရန်နှင့် မဖြစ်မနေထွက်ရပါက ပါးစပ်နှင့်နှာခေါင်းတို့အား လုံခြုံစွာ Mask တပ်ဆင်သွားကြရန်၊ လူစုလူဝေးရှိရာနေများသို့ မသွားကြရန်၊ မည်သည့်အရာကိုမဆို ကိုင်တွယ်ပြီးပါက လက်အားရေနှင့်ဆပ်ပြာတို့ဖြင့် ဆေးကြောကြရန် အပြင် ရောဂါ ကာကွယ်ရေးလုပ်ငန်းများတွင် ပြည်သူများအားလုံး ပူးပေါင်းပါဝင်ပေးကြရန် သက်ဆိုင်ရာမှ တိုက်တွန်းနှိုးဆော်ထားရှိကြောင်း သိရသည်။
သက်ခိုင် (သန်လျင်)