အုတ်တွင်းမြို့နယ်တွင် ကြိုတင်ဆန္ဒမဲပုံးများအား လုံခြုံရေးကြိုးများဖြင့် ချိတ်ပိတ်ခြင်း ဆောင်ရွက်

အုတ်တွင်း အောက်တိုဘာ ၁၄

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပုံးများအား စစ်ဆေး၍ လုံခြုံရေးကြိုးများဖြင့် ချိတ်ပိတ်ဆောင်ရွက်ခြင်းကို ယနေ့နံနက်(၁၁)နာရီက မြို့နယ်အထွေထွေရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးတင်ဝင်းက ကြိုတင်မဲပုံးများအား ချိတ်ပိတ်ဆောင်ရွက်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပေးပြီး၊ တက်ရောက်လာသူများနှင့် နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ ရှေ့တွင်မဲပုံးအား စစ်ဆေး၍ လုံခြုံရေးကြိုးများဖြင့် ချိတ်ပိတ် ဆောင်ရွက်ခဲ့သည်။

အုတ်တွင်းမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ယနေ့အချိန်ထိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၁၃၀၄၇၆)ဦးရှိပြီး၊ မဲဆန္ဒနယ်ပြင်ပ(ပြည်ပ) မဲဆန္ဒရှင် (၂၆၄)ဦး၊ မဲဆန္ဒနယ်ပြင်ပ(ပြည်တွင်း) မဲဆန္ဒရှင်(၄၅၉)ဦး၊ စုစုပေါင်း(၇၂၃)ဦးရှိကြောင်းနှင့် အုတ်တွင်းမြို့နယ်တွင် မဲရုံပေါင်း(၁၅၃)ရုံ ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။

ခင်မာ(ပြန်/ဆက်)