ဝေါမြို့ ကလေးစာပေပွဲတော် ကဏ္ဍအသီးသီးတွင် ပါဝင်ဆင်နွှဲကြသူတို့၏ ရင်တွင်းစကားသံများ

ဝေါ ဇန်နဝါရီ ၅

ပဲခူးတိုင်းဒေသကြီး ဝေါမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ဝေါမြို့နယ် ကလေးသူငယ်အသိပညာဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းတို့ ပူးပေါင်း စီစဉ်ကျင်းပသော ကလေးစာပေပွဲတော်ကို ဇန်နဝါရီလ ၃ ရက်နေ့မှ ၅ ရက်နေ့အထိ သုံးရက်တိုင်တိုင် ဝေါမြို့နယ်ခန်းမနှင့် အထက်တန်းကျောင်းတို့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိရာ ကလေးစာပေပွဲတော် ကဏ္ဍအသီးသီးတွင်  ပူးပေါင်းပါဝင်ဆင်နွှဲကြသူတို့၏ ရင်တွင်းစကားသံများကို ယခုလိုကြားသိခဲ့ရပါသည်-

▲ ဦးကြီးစိုး(ကလေးသူငယ်အသိပညာဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း အတွင်းရေးမှူး)▲

ကျွန်တော်တို့ Knowledge Development Foundation ကနေပြီး ကလေးအသိပညာပေး စာပေဟောပြောပွဲကို နှစ်စဉ်မပျက်ကျင်းပခဲ့ပါတယ်။ ဒီနှစ်မှာတော့ ကလေးစာပေပွဲတော် ဖြစ်မြောက်ရေးရည်ရွယ်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့နဲ့ ပူးပေါင်းပြီးတော့ ဆောင်ရွက်ခဲ့ခြင်းပဲဖြစ်ပါတယ်။ ဒီနှစ်မှာ အောင်မြင်စွာ ကျင်းပနိုင်သလိုမျိုးပဲ နောင်နှစ်တွေမှာလည်း ဒုတိယအကြိမ်၊ တတိယအကြိမ် အကြိမ်ပေါင်းများစွာ ကျင်းပနိုင်စေဖို့ဆန္ဒပြုပါတယ်။ ကလေးစာပေပွဲတော်ကျင်းပပေးတဲ့အတွက် ကလေးတွေဟာ အသိပညာဗဟုသုတတွေတိုးပွားလာပြီးတော့ မြို့ပေါ်နဲ့ကျေးလက်ခွဲခြားခြင်းမရှိဘဲနဲ့ တစ်သားတည်း ပူးပေါင်းပါဝင်ဆင်နွှဲခွင့်ရတဲ့အတွက်ကြောင့်မို့လည်း အင်မတန် ဝမ်းသာစရာဖြစ်တဲ့ပွဲလေး ဖြစ်ပါတယ်။

▲ ဒေါ်အိမာဟိန်း(ဝေါမြို့နယ်ဦးစီးမှူး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန)▲

ကျွန်မတို့ ဝေါမြို့နယ် ကလေးစာပေပွဲတော်မှာ ကလေးစာဖတ်ခန်း၊ ပုံပြော၊ ကဗျာရွတ်၊ ကျပန်းစကားပြော၊ ဆေးရောင်ခြယ်၊ စက္ကူခေါက် စတဲ့ပြိုင်ပွဲတွေ ပါဝင်ပါတယ်။ အဲ့ဒါအပြင် စကား ပုံဆက်၊ အရုပ်ဆက်၊ ဆန်ကောရွက်၊ ဘောလုံးဂိုးကျဉ်းကစားခြင်း၊ ခွက်နင်းကစားခြင်း၊ ဖိနပ်စီး ကစားခြင်း စတဲ့ဂိမ်းကစားပွဲတွေ ပါဝင်တဲ့အတွက်ကြောင့် ကလေးတွေအနေနဲ့ ပြိုင်ပွဲတွေမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ ကာယဉာဏ စွမ်းအားတွေတိုးတက်အောင် လာပြိုင်စေချင်ပါတယ်။ ပြီးတော့ အသိပညာပေးပြခန်းတွေနဲ့ ဖျော်ဖြေရေးအစီအစဉ်တွေလည်း ပါဝင်တဲ့အတွက် လာရောက် ပါဝင်ဆင်နွှဲကြဖို့ဖိတ်ခေါ်ပါတယ်။

▲ဦးချစ်ထွေး (ဒုတိယမြို့နယ်ပညာရေးမှူး)▲

ကျွန်တော်တို့အနေနဲ့ကတော့ ပညာရေးဌာနမှာရှိတဲ့ ဝေါမြို့နယ်အတွင်းကျောင်းပေါင်း ၁၃၀ က ကလေးတွေ အားလုံးပါဝင်ဆင်နွှဲနိုင်ဖို့အတွက် ကျောင်းအလိုက် ပြိုင်မယ့်အမျိုးအစား ဉပမာ- ကဗျာရွတ်မှာ ဘယ်နှစ်ယောက်၊ ပုံပြောမှာ ဘယ်နှစ်ယောက်ပြိုင်မယ်၊ တစ်နေ့ကို ကျောင်းသား ဘယ်လောက်လာမယ်ဆိုတာ စာရင်းပြုစုစီစဉ်ပေးရပါတယ်။ အခုလိုမျိုးကျင်းပ နိုင်ဖို့အတွက် ကျွန်တော်တို့ ပဲခူးမြို့ ကလေးစာပေပွဲတော်မှာ ကျောင်းသား/ကျောင်းသူတွေနဲ့အတူ သွားပြီး လေ့လာခဲ့ပါတယ်။ အဲ့ဒီအတွေ့အကြုံတွေ ယူပြီးတော့ ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက်ကြတဲ့အတွက်ကြောင့် အဆင်ပြေပါတယ်။ ဒီစာပေပွဲတော်ဟာ ကလေးတွေ ဗဟုသုတလည်းရတယ်။ သူတို့ ကစားလည်း ကစားရတယ်။ ပျော်ရွှင်စွာနဲ့ ကစားရင်းနဲ့ပဲ သူတို့ ဆုလက်ဆောင်တွေလည်း ရကြတယ်။ ဒီမှာ အသိပညာပေးဟောပြောတင်ဆက်တဲ့သူတွေကလည်း ကလေးတွေစာဖတ်ဖို့ ဗဟုသုတတွေတိုးပွားဖို့ အသိဉာဏ်တွေပေးတဲ့အတွက်ကြောင့် အင်မတန် ကောင်းမွန်တဲ့ပွဲလေးဖြစ်ပါတယ်။

▲ မပြည့်သူဝင်း (အလက(ခွဲ)ကန်တော်၊ Gread-6 ကျောင်းသူ)▲

သမီးက သမီးအမေနဲ့ ကျောင်းကသူငယ်ချင်းတွေနဲ့လာတာပါ။ သမီးက ဘုံကထိန်သီချင်းနဲ့ ဒေါ်မိုးနေရာကနေ သရုပ်ဆောင်ကပြဖျော်ဖြေရတာပါ။ ဒီမှာဖျော်ဖြေရေးတွေလည်း ရှိတယ်။ ပန်းချီဆွဲတာတို့ ပုံပြောတာတို့လည်း ရှိတယ်။ စာအုပ်တွေလည်းရောင်းတယ်။ အဲ့ဒါကြောင့်မို့လို့ သမီးက ကိုယ်တိုင်ပါဝင်ဆင်နွှဲချင်လို့ လာတာပါ။

▲မောင်မျိုးမင်းသန့် ( အထက(ဝေါ)၊ စတုတ္ထတန်းကျောင်းသား)▲

သားက သားသူငယ်ချင်းသုံးယောက်နဲ့ လာတာ။ ကလေးစာပေပွဲတော်လာရခြင်းက  အမှိုက်ကောက်ချင်လို့၊ ကစားပွဲတွေလည်း ဝင်ပြိုင်ချင်လို့လာတာပါ။ အခုသူငယ်ချင်းတွေနဲ့ ဒီမှာ အမှိုက်လိုက်ကောက်တယ်။ ပြီးရင် ကစားပွဲတွေမှာ လိုက်ကစားမယ်။ မနေ့ကတော့ ဆန်ကောရွက်တယ်၊ ဘောလုံးကန်တယ်။ စကားပုံဆက်တယ်။ ဆုလက်ဆောင်တွေလည်း ရတယ်။ ကလေးစာပေပွဲတော်မှာ ပါဝင်ဆင်နွှဲရလို့ အရမ်းပျော်ပါတယ်။

တွေ့ဆုံမေးမြန်း၊ သက်လွင်(ညောင်လေးပင်)