ပျားကျေးရွာတွင် စာအောင်ဆုနှင်းသဘင် ဂုဏ်ပြုပူဇော်ပွဲ ကျင်းပ

ဂန့်ဂေါ ဇန်နဝါရီ ၅

ဂန့်ဂေါမြို့နယ် ပျားကျေးရွာ ပျားသာသနာ့ရိပ်သာကျောင်းတိုက်၌ အစိုးရဓမ္မာစရိယတွင် သီလက္ခန်ကျမ်း၊ (၂၆) ကြိမ်မြောက် အစိုးရနိကာယ်စာမေးပွဲတွင် ဝိနယဝိဒူဘွဲ့တံဆိပ်၊ ရန်ကုန်ဗုဒ္ဓ တက္ကသိုလ်ဒီပလိုမာဘွဲ့ B.A ၊ M.A ဘွဲ့ရရှိတော်မူသည့် အရှင်တေဇနိယအား ချီးကျူးပူဇော်ဂုဏ်ပြုပွဲကို ယနေ့နံနက် ၉ နာရီတွင် ပျားသာသနာ့ရိပ်သာကျောင်းတိုက်၌ပြုလုပ်ရာ ရှေးဦးစွာ နိုင်ငံတော်ဗဟိုသံဃဝန်ဆောင် ဘုရားကြီးမြောက်ကျောင်းတိုက်ဆရာတော် ဦးဝေပုလ္လထံမှ ငါးပါးသီလကို ခံယူဆောက်တည်ကြသည်။

ဆက်လက်၍ အောင်မြင်ကျောင်းဆရာတော် ဦးဝိသုတ္တက ထောမနာဂါထာကိုရွတ်ဆိုပြီး ကလျာဏကာရီဝတ်အသင်းက ရတုပုဒ်စုံမင်္ဂလာကဗျာ၊ ရှစ်လုံးဘွဲ့ကဗျာများဖြင့် ရွတ်ဖတ် ပူဇော်ကာ အရှင်တေဇနိယ၏ ထေရုပ္ပတ္တိကို ဦးညွန့်လှိုင်က ဖတ်ကြားလျှောက်ထားသည်။

ထို့နောက် အရှင်တေဇနိယအား ဩကာသကန်တော့ချိုးဖြင့် ပူဇော်ကန်တော့ပြီး ပင့်ဖိတ် သံဃာတော်များအား လှူဖွယ်ပစ္စည်းများဖြင့် ဆက်ကပ်လှူဒါန်းကြကာ ရေစက်သွန်းချ အမျှပေးဝေ ကြကြောင်း သိရသည်။

ထင်အောင်နိုင်(ပြန်ဆက်)