လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ အခြေခံအိမ်ထောင်စုများအား ဆန်၊ဆီ၊ဆေးနှင့် အလှူငွေများလှူဒါန်း

လှိုင်သာယာ(အနောက်ပိုင်း)  အောက်တိုဘာ  ၁၅


ရန်ကုန်တိုင်းဒေသကြီး ၊မြောက်ပိုင်းခရိုင် ၊လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ ကိုဗစ်−၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုလျော့ကျစေရန်နှင့် ရောဂါကာကွယ်ထိန်းချုပ်နိုင်စေရန်အတွက် လှိုင်သာယာ မြို့နယ်အတွင်းရှိ လူမှုပရဟိတအဖွဲ့များနှင့် ပြည်သူများမှလည်း ပူးပေါင်း ဆောင်ရွက် လျက်ရှိရာ ယမန့်နေ့ မွန်းလွဲပိုင်းက ဆရာတော်ဦးကေသရနှင့် အလှူရှင် ပြည်သူများ ပူးပေါင်း၍  Stay at home ကာလအတွင်း စားဝတ်နေရေး ခက်ခဲသည့် ပုံမှန်ဝင်ငွေ မရှိသော အခြေခံအိမ်ထောင်စု များအား ဆန်၊ဆီ၊ဆေး နှင့်အလှူငွေပေးအပ်လှူဒါန်းသည်။
အဆိုပါ  ပေးအပ်လှူဒါန်းရာတွင် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်အတွင်းရှိ လုပ်ငန်းရှင် ပြည်သူများ ပူးပေါင်း၍ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်အတွင်းရှိ အခြေခံ အိမ်ထောင်စု (၅၀) စုအား အိမ်ထောင်စုတစ်စုလျှင် ဆန်(၆)ပြည်အိတ်(၁)အိတ်၊ ဆီငါးဆယ်သား (၁) ဘူး၊ အားဆေး(၁)ဘူး နှင့် အလှူငွေ တစ်သောင်း ကျပ်အားပေးအပ်လှူဒါန်းခဲ့သည်။ 
လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်သည် လူဦးရေများပြား၍ အခြေခံလူတန်းစားများ အများ ဆုံးနေထိုင်သည့်အလျောက် ကိုဗစ်−၁၉ရောဂါ ဖြစ်ပွားမှုများမှာလည်း များပြားလျက်ရှိရာ မြို့နယ် အတွင်းရှိ လူမှုပရဟိတအဖွဲ့များနှင့် ပြည်သူများမှလည်း တတ်အားသရွေ့ ကူညီ၍ ကိုဗစ်−၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
မြသန္တာဝင်း(ပြန်/ဆက်)