ဒလမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးဆောင်ရွက်နေသော ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ ဝန်ထမ်းများအတွက် အာဟာရဒါနလှူဒါန်း

ရန်ကုန် အောက်တိုဘာ  ၁၅ 


ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ဆောင်ရွက်နေသော ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ ဝန်ထမ်းများအတွက် နေ့လည်စာ အာဟာရဒါနအဖြစ် ကိုနန္ဒထောပတ် ထမင်းပွဲပေါင်း လူ ၂၅၀ ဦးစာကို ယနေ့နံနက် ၁၁ နာရီ က ရုပ်ရှင်သရုပ်ဆောင် ညီနန္ဒမှ ကိုယ်တိုင်လာရောက် လှူဒါန်းပေးခဲ့ကြောင်းသိရသည်။
ထိုသို့လှူဒါန်းရာတွင် ရုပ်ရှင်သရုပ်ဆောင် ညီနန္ဒ မှ  ဒလမြို့နယ် ပြည်သူ့ဆေးရုံရှိ ဆရာဝန်များ၊ ကျန်းမာရေး ဝန်ထမ်းများ၊ အသွားအလာကန့်သတ် စောင့်ကြည့်ရေးစင်တာများရှိ စေတနာ့ ဝန်ထမ်းများ နှင့် လူမှုရေးအသင်းအဖွဲ့များ အတွက် နေ့လယ်စာအဖြစ်  ကိုနန္ဒထောပတ် ထမင်းပွဲများကို မြို့နယ် ကိုဗစ်-၁၉ Quarantine Centre ထောက်ပံ့ကူညီရေးအဖွဲ့သို့ ပေးအပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးထွေးတင် နှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားခဲ့သည်။
အဆိုပါ နေ့လည်စာ ကိုနန္ဒထောပတ်ထမင်းပွဲများကို မြို့နယ်စည်ပင်သာယာရေးကော်မတီ အဖွဲ့ဝင်(၁) ဦးကျော်လင်း၊ We Love Yangon-Dala လူထုအခြေပြုပရဟိတအဖွဲ့ တို့မှ မြို့နယ်ပြည်သူ့ဆေးရုံ နှင့် စောင့်ကြည့်ရေးစင်တာများရှိ စေတနာ့ဝန်ထမ်းများ နှင့် လှုမှုရေးအသင်းအဖွဲ့များကို ဆက်လက်၍ ပေးအပ်ခဲ့ကြောင်း သိရသည်။
နိုင်လင်းကျော်(ဒလ)