မုံရွာမြို့တွင် တုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် (၂၂၆) ဦးနှင့် အထူးရဲ (၁၉၁) ဦးအား စစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိ

မုံရွာ အောက်တိုဘာ ၁၅

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်မှ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ကုန်စည်များ ပို့ဆောင်ကြမည့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်(၂၂၆)ဦးနှင့် အထူးရဲ(၁၉၁) ဦး တို့အား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ ကို ( RDT Test Kit ) ဖြင့် စစ်ဆေးပေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုးမတွေ့ရှိကြောင်း မုံရွာခရိုင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ခရိုင်ကျန်းမာရေး ဦးစီးမှူး ဒေါက်တာ ငြိမ်းငြိမ်းအေးထံမှ သိရသည်။

တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးနှင့် အခြားတိုင်း ဒေသကြီး/ပြည်နယ်များမှ မိမိ တိုင်းဒေသကြီးအတွင်းသို့ ကူးစက်ပြန့်နှံ့မှုမရှိစေရေး စစ်ကိုင်း တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာတို့မှ ညွှန်ကြားချက် များအရ (RDT Test Kit) များဖြင့် ယခုလ(၆)ရက် နေ့မှစတင်ပြီး စစ်ဆေးပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ကုန်တင်ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေကိုတော့ အခြားတိုင်းဒေသကြီးနဲ့ ပြည်နယ် များသို့ သွားရောက်ရင် ကိုဗစ်-၁၉ ရောဂါပိုး ပါမှာဆိုးလို့ စစ်ဆေးပေးတာပါ ပိုးတွေ့မယ် ဆိုရင် ပရဟိတအဖွဲ့တွေနဲ့ ပူးပေါင်းပြီး မုံရွာပြည်သူ့ဆေးရုံးကြီးကို ပို့ဆောင်ပြီး ဆေးကုသ မှုတွေ လုပ်ပေးသွားမှာပါ၊ စစ်ဆေးနေတဲ့ ကာလအတွင်း ဒိကနေ့အထိ စစ်ဆေးမှုအားလုံးမှာ ကိုဗစ်-၁၉ ရောဂါပိုး တစ်ယောက်မှ မတွေ့ရှိရသေးပါဘူး ” ဟု မုံရွာခရိုင် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ ခရိုင်ကျန်းမာရေးမှူး ဒေါက်တာ ငြိမ်းငြိမ်းအေးက ပြောသည်။

အဆိုပါ စစ်ဆေးရာတွင် မုံရွာခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိ သူများ၊ မုံရွာခရိုင်ရဲတပ်မှူးရုံးမှ တာဝန်ရှိ သူများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိ သူများ၊ စစ်ကိုင်းတိုင်း ဒေသကြီး ပုဂ္ဂလိကမော်တော်ယာဉ်များ စနစ်တကျ ပြေးဆွဲရေး ကော်မတီမှ တာဝန်ရှိသူများ၊ မုံရွာမြို့နယ် စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များ ပူးပေါင်း၍ (RDT Test Kit)ဖြင့် အောက်တိုဘာလ (၆)ရက်နေ့မှ(၁၄) ရက်နေ့အထိ  ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် (၂၂၆) ဦးနှင့် အထူးရဲ တာဝန်ထမ်းဆောင်ကြမည့် တပ်ဖွဲ့ဝင် (၁၉၁) ဦး တို့အား စစ်ဆေးပေးခဲ့ကြောင်း မုံရွာခရိုင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီ၏ မှတ်တမ်းများအရ သိရသည်။

ဝင်းဦး(ဇေယျာတိုင်း)