ဆိပ်ဖြူမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ဆိပ်ဖြူ   အောက်တိုဘာ    ၁၅

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင် ရေးအတွက် မြို့နယ်‌ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ငွေသဲဖြူခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်သည်။

အခမ်းအနား၌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးဟန်က အဖွင့်အမှာစကားပြောကြားရာတွင် နိုဝင်ဘာ လ ၈ ရက်နေ့တွင် ကျင်းပပြုမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို နိုင်ငံတော်မှချမှတ် ထားသည့် စည်းကမ်းလမ်းညွှန်ချက်များနှင့်အညီ တရားမျှတစွာ ကျင်းပနိုင်ရေးအထူးအလေးထား ဆောင်ရွက် ကြစေလိုကြောင်း၊ မဲရုံသုံးပစ္စည်းများကို စနစ်တကျသယ်ယူပို့ဆောင်ပြီး စနစ်တကျ ထိန်းသိမ်းထားရှိရေးနှင့် ကော်မရှင်လုပ်ငန်းပိုင်းဆိုင်ရာများ၊ လုံခြုံရေးကဏ္ဍများ ၊ စီမံခန့်ခွဲမှုလုပ်ငန်းများကိုပါ အသေးစိတ်ရှင်းလင်း ဆွေးနွေးမှာကြားသည်။

ထို့နောက်မြို့နယ် ရဲတပ်ဖွဲ့မှူး မြို့နယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့က အသက် ၆၀ နှစ်နှင့် အထက် ကြိုတင်ဆန္ဒမဲပေးရန် လိုအပ်သော ပုဂ္ဂိုလ်များနှင့် ရွေးကောက်ပွဲကျင်းပသည့် ရက်တွင် Quarantine ဝင်ရောက်နေကြရမည့် မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲ ပေးနိုင်ရေးကိစ္စများ၊ မဲရုံ မှူး/ ဒုတိယမဲရုံမှူး သင်တန်းဖွင့်လှစ်ရေးကိစ္စရပ်များ၊ မဲရုံတွင်းနှင့် မဲရုံပရဝုဏ် အတွင်း   Distancing စနစ် ထားရှိပြင်ဆင်ရေး ကိစ္စရပ်များနှင့် မဲရုံလုံခြုံရေး ကိစ္စရပ်များအား အပြန်အလှန်ဆွေးနွေး ကြကြောင်း သိရရှိ သည်။

ကိုမျိုး(ယောဧရာ)