ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်သွားရာ၌ အသုံးပြုနိုင်ရန်အတွက် (အ.ထ.က-ထန်းတပင်) စင်တာသို့ ရောဂါကြိုတင်ကာကွယ်ရေးသုံး ဝတ်စုံများလှူဒါန်း

ထန်းတပင်(ရန်ကုန်) အောက်တိုဘာ ၁၅

ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုသွားနိုင်ရန် အတွက် ယမန်နေ့နံနက်ပိုင်းက ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၊ အသွားအလာ ကန့်သတ်စောင့်ကြည့်ရေးစင်တာ (အ.ထ.က-ထန်းတပင်)သို့ ရောဂါကြိုတင်ကာကွယ်ရေး သုံးဝတ်စုံများနှင့် ဆန်အိတ်များကို အလှူရှင်များက လာရောက်လှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။

လှူဒါန်းမှုများ ဆောင်ရွာရာတွင် သက်တန့်ရောင်စဉ်သူငယ်ချင်းများ ပရဟိတအဖွဲ့မှ (Gown) PPE Level-2ဝတ်စုံ (၄၀)စုံနှင့် ဆတ်ကလေးကျေးရွာနေ ဦးဝေဖြိုးအောင် မိသားစုတို့က ဆန်အိတ်(၆) အိတ်တို့ကို လှူဒါန်းပေးခဲ့ကြရာ အ.ထ.က(ထန်းတပင်) စင်တာရှိ အမှတ်(၂)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသောင်းလွင်နှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။

မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်သွားနိုင်ရန် အတွက် ဓာတ်ခွဲအတည်ပြုလူနာများနှင့် အနီးကပ်ထိတွေ့ခဲ့သူများအား အသွားအလာ ကန့်သတ်မှုများကို အ.ထ.က(ထန်းတပင်)စင်တာတွင် ဆောင်ရွက်လျက်ရှိပြီး ရောဂါကြိုတင် ကာကွယ်ရေး လုပ်ငန်းများကိုလည်း မြို့နယ်တာဝန်ရှိသူများနှင့် ပရဟိတအဖွဲ့များ အားလုံး ပူးပေါင်းကာ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။       

ဇင်မင်းထိုက်(ထန်းတပင်)