မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး တပ်ဖွဲ့ဝင် မိသားစုများအား မြန်မာကိုင်ဒိုကုမ္ပဏီမှ ဆန် (၁၄၂) အိတ်နှင့် ဟင်းသီး ဟင်းရွက် (၃၀၀၀) ပိဿာ ထောက်ပံ့လှူဒါန်း

မကွေး     အောက်တိုဘာလ     ၁၆

မြန်မာကိုင်ဒို ကုမ္ပဏီလီမိတက် အနေဖြင့် ကမ္ဘာ့ကပ်ရောဂါဆိုး Corona Virus 2019 (COVID-19) ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တိုက်ဖျက်ရေး ကာလအတွင်း လုပ်ငန်းများအတွက် လိုအပ်ချက် ရှိသည့် နေရာများသို့ အစဉ်တစိုက်၊ တစ်တပ်တစ်အား ပါဝင်လှူဒါန်း လျက်ရှိရာ ယမန်နေ့ နေ့လယ် ၂ နာရီက မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး တပ်ဖွဲ့ဝင် မိသားစုများအား ဆန် (၁၄၂)အိတ်နှင့် ဟင်းသီးဟင်းရွက်(၃၀၀၀)ပိသာကို မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ရဲဇာနည် ခန်းမတွင် လှူဒါန်း ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ လှူဒါန်းမှုတွင် Coronavirus Disease (Covid 19) ကူးစက်ရောဂါကာကွယ်၊ ထိန်းချုပ်၊ တိုက်ဖျက်ရေး ကာလအတွင်း မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးတွင် တာဝန်ထမ်းဆောင် နေကြသည့် တပ်ဖွဲ့ဝင် မိသားစုများ ရိက္ခာအထောက်အပံ့ဖြစ်စေရေးအတွက် မြန်မာကိုင်ဒို ကုမ္ပဏီ လီမိတက်မှ ငွေကျပ် (၆၂ဝဝဝဝဝိ/-) (ခြောက်ဆယ့်နှစ်သိန်းကျပ်တိတိ) တန်ဖိုးရှိ (၂၄) ပြည်ဝင် ဆန် (၁၄၂)အိတ်နှင့် ဟင်းသီးဟင်းရွက်(၃ဝဝဝ)ပိသာ ပေးအပ်လှူဒါန်းခြင်းဖြစ်သည်။

ထောက်ပံ့ပေးအပ်ပွဲတွင် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လှိုင်တင့်က လာရောက် လှူဒါန်းသည့် မြန်မာကိုင်ဒို ကုမ္ပဏီလီမိတက် တိုင်းဒေသကြီး တာဝန်ခံ ဦးဇော်ဝင်းနိုင် ဦးဆောင်သည့် တာဝန်ရှိ သူများအား ကျေးဇူးတင်စကားပြောကြားပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့ကာ  တိုင်းဒေသ ကြီးရဲတပ်ဖွဲ့မှူးနှင့် တာဝန်ရှိသူတို့က တပ်ဖွဲ့ဝင် မိသားစုများအား  ဆန်နှင့် ဟင်းသီးဟင်းရွက်တို့ကို ထောက်ပံ့ပေး အပ်ခဲ့ကြောင်း သိရသည်။

မြန်မာကိုင်ဒို ကုမ္ပဏီ အနေဖြင့် ယခုလက်ရှိ ဖြစ်ပေါ်နေသော Coronavirus Disease 2019 (COVID-19) ကမ္ဘာ့ကပ်ရောဂါ စတင်ဖြစ်ပေါ် ချိန်မှစ၍ ယခုဒုတိယလှိုင်းဖြစ်ပေါ်နေသည့် အချိန်အထိ ကာကွယ်၊ ထိန်းချုပ်၊ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် လိုအပ်သော ကျန်းမာရေးအသုံး အဆောင်ပစ္စည်းများ၊ ဆေးရုံသုံးပစ္စည်းများ၊ စားနပ်ရိက္ခာများအား မြန်မာနိုင်ငံ အနှံ့အပြားရှိ ဆေးရုံများ၊ Fever Clinic များ၊ ဘုန်းကြီးကျောင်းများ၊ သီလရှင်စာသင်တိုက်များ၊ ပရဟိတ အကျိုးဆောင် အဖွဲ့များနှင့် အခြားသောအဖွဲ့အစည်းများသို့ အုတ်တစ်ချပ် သဲတစ်ပွင့်  ပါဝင်လှူဒါန်း ဆောင်ရွက်ခဲ့ရာ စုစုပေါင်းတန်ဖိုးငွေကျပ် သိန်းပေါင်း(၆၀၀၀)နီးပါး ကျခံသုံးစွဲ လှူဒါန်းခဲ့ပြီးဖြစ် ကြောင်း သိရှိရသည်။

သန်းနိုင်ဦး(ငဖဲ)