ရေစကြိုမြို့နယ်ထွက် ကုလားပဲများ မနှစ်ကထက်ဈေးနှုန်းပိုရသောကြောင့် တောင်သူများတွက်ခြေ ကိုက်လျက်ရှိ

ရေစကြို  ဇန်နဝါရီ   ၅

မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ရေစကြိုမြို့နယ်ထွက် ကုလားပဲများ မနှစ်ကထက် ဈေးနှုန်းပိုရသောကြောင့် ကုလားပဲစိုက်တောင်သူများ တွက်ခြေကိုက်နေကြကြောင်း ကုလားပဲစိုက်တောင်သူများထံမှ သိရသည်။

ပခုက္ကူခရိုင် ရေစကြိုမြို့နယ် ကျွန်းတောင်သူများသည် မြစ်ရေကျချိန်တွင် ကုလားပဲ အမြောက်အမြား စိုက်ပျိုးကြပြီး ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်များ ရေတက်ပြီးသည့် အချိန်များတွင် ကုလားပဲအမြောက်အများစိုက်ပျိုးကြကာ တစ်မျိုးတည်းသီးသန့်စိုက်ပျိုးမှုမရှိကြဘဲ နေကြာနှင့်သော်လည်းကောင်း၊ ပဲအမျိုးမျိုးနှင့်သော်လည်းကောင်း သီးထပ်သီးညှပ်စိုက်ပျိုးကြ ကြောင်း၊ ကုလားပဲထက်စောပေါ်သည့် သီးနှံများဖြင့်သာ တွဲဖက်စိုက်ပျိုးကြကြောင်းနှင့် မြစ်ရေကျချိန် စိုက်ပျိုးသည့်အတွက် စိုက်ပျိုးသည့်သီးနှံ နှစ်မျိုးလုံး အောင်မြင်ဖြစ်ထွန်းကြကာ ကုလားပဲ သီးထပ်သီးညှပ် စိုက်ပျိုးသူများ အဆင်ပြေလျက်ရှိကြောင်း၊ ကုလားပဲဈေးနှုန်းမှာလည်း မနှစ်ကထက် ဈေးနှုန်းပိုရသောကြောင့် ကုလားပဲစိုက်တောင်သူများ တွက်ခြေကိုက်နေ ကြကြောင်း ရေစကြိုမြို့နယ် ဗလဗ ကျေးရွာ ကုလားပဲစိုက်တောင်သူ ဦးဖိုးကျော် ကပြောကြားသည်။

ရေစကြိုမြို့နယ်တွင် ကုလားပဲစိုက်ပျိုးခြင်းအား ကုန်းခြောက်များတွင်လည်း စိုက်ပျိုးကြသကဲ့သို့ မြစ်ရေကျချိန် အင်းများရေခမ်းခြောက်သွားချိန်၊ မြစ်ရေကျချိန် ကျွန်းမြေပေါ်ချိန်များတွင် စိုက်ပျိုးကြသဖြင့် ကုလားပဲပေါ်ချိန်တွင်လည်း အချိန်မတူညီဘဲ ပေါ်လေ့ရှိကြောင်း ကုလားပဲစိုက်တောင်သူ ဦးဇော်ဝင်းက ရှင်းပြသည်။

ကုလားပဲစိုက်ပျိုးရာတွင် ကုလားအဖြူလုံးကြီးနှင့် ကုလားပဲအဖြူလုံးသေး နှစ်မျိုးစိုက်ပျိုးကြကြောင်း၊ ကုလားပဲဖြူလုံးသေး တစ်တင်းလျှင် (၂၈၀၀၀) ကျပ်ရှိပြီး မနှစ်က ကုလားပဲ ဖြူလုံးသေးတစ်တင်းလျှင် (၂၆၀၀၀) ကျပ်ရောင်းချရကြောင်း၊ ကုလားပဲဖြူလုံးကြီးအသစ်တစ်တင်းလျှင် ငွေကျပ် (၂၆၅၀၀) ကျပ်ရရှိပြီး မနှစ်က ကုလားပဲဖြူလုံးကြီးအဟောင်း တစ်တင်းလျှင်(၂၄၅၀၀) ကျပ် ရှိခဲ့ကြောင်း ပခုက္ကူမြို့ နီလာပွဲရုံပိုင်ရှင် ဦးဗိုလ်ကြီးနိုင်ထံမှ သိရသည်။

ကုလားပဲ တစ်တင်းလျှင် (၁၉) ပိဿာချိန်ရပြီး မနှစ်ကထက်ဈေးနှုန်းပိုရခြင်းကြောင့် ကုလားပဲစိုက်ပျိုးသည့်တောင်သူများ အဆင်ပြေနေကြကာ ရေစကြိုမြို့နယ် ကျွန်းမြေကုလားပဲစိုက် တောင်သူများ မနှစ်ကထက် အထွက်နှုန်း ပိုမိုထွက်နိုင်ကြောင်း ကုလားပဲစိုက်တောင်သူများက ပြောကြားချက်အရ သိရသည်။

ကိုထိန်(ငါ့သရောက်)